Gay လို့ ဝန်ခံလိုက်ပြီးတဲ့နောက် အားပေးထောက်ခံတဲ့သူရှိသလို ဝေဖန်တိုက်ခိုက်မှုများစွာရဲ့ ဒဏ်ကိုလည်း ခံနေရတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က တိုက်ခိုက်မှုတွေကို တွန်းအားအဖြစ် အသုံးချဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုမှာ ပါဝင်ခွင့်ရခဲ့တဲ့ ဥက္ကာမင်းမောင်က ပရိသတ်အတွက် နောက်ထပ် သတင်းကောင်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
Dead of Night ဇာတ်လမ်းတိုထဲက ဥက္ကာမင်းမောင် (Photo: ဥက္ကာမင်းမောင်ဖေ့စ်ဘွတ်)
အမေရိကမှာ နေထိုင်နေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က အနုပညာအလုပ်တွေ ပိုလုပ်သွားဖို့ ရှိတယ်လို့ ဆိုရင်း သူ့ပရိသတ်အတွက် ထူးထူးခြားခြား သတင်းကောင်းတွေရှိတဲ့အကြောင်း ပြောပြလာပါတယ်။
'' 'Dead Of Night' Short Film USA မှာ audition အရွေးခံရပြီး ဒီမှာ ပထမဆုံးရိုက်ကူးဖြစ်ခဲ့တာ။ မကြာခင် ရှေ့ဆက်လုပ်မယ့် အနုပညာနဲ့ ပတ်သတ်ပြီး ကျွန်တော့်ပရိသတ်တွေအတွက် ထူးထူးခြားခြား သတင်းကောင်းတချို့လဲ ရှိတယ်။ သေချာမှပြောမယ်နော်'' ဆိုပြီးတော့ Dead of Night ဇာတ်လမ်းတိုထဲမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ပုံ (အပေါ်ပုံ) ကို ပြသရင်း ဇူလိုင်လ ၅ ရက်နေ့မနက်က ပရိသတ်ကို ပြောပြခဲ့ပါတယ်။
ကိုယ်ရေးကိုယ်တာကိစ္စတွေ မဖြေတော့ဘူးဆိုတဲ့ ဥက္ကာမင်းမောင်
Photo: ဥက္ကာမင်းမောင်ဖေ့စ်ဘွတ်
ဥက္ကာမင်းမောင်ဟာ မကြာခင်က ဂေးတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဝန်ခံခဲ့ပြီးနောက်မှာ အမျိုးသားအများစုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ဒီလို တိုက်ခိုက်သူများတဲ့အတွက် ပိုပြီးတော့ ကြိုးစားချင်တဲ့ စိတ်ဖြစ်တယ် လို့ဆို ပါတယ်။
''ဝေဖန်တိုက်ခိုက်သူများလေလေ ပိုပြီးကြိုးစားချင်လေပဲ အရင်ကထက် ပိုကြိုးစားမယ်။ အလကားနေရင်း မုန်းတဲ့သူတွေ ဘယ်လောက်ပဲ များနေပါစေ ကျွန်တော်ကတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပြီး နေ့တိုင်းလဲခုနှစ်ရက်သားသမီးများ အားလုံးကို မေတ္တာပို့လျှက်ပါ။ တစ် နေ့တော့ မေတ္တာရောင်ပြန်ဟက်မှာပါ'' ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်။
Photo: ဥက္ကာမင်းမောင်ဖေ့စ်ဘွတ်
'Dead Of Night' Short Film က သူ့အတွက် အမေရိကန်ရုပ်ရှင်ကားတစ်ကားမှာ ပထမဆုံး ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားလို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတိုထဲမှာ ဥက္ကာမင်းမောင်က ပယောဂဆရာ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်တဲ့။ သူ့ရဲ့ ကာရိုက်တာကတည်း ခေါင်းဆောင် ဇာတ်ရုပ်နေရာတွေထဲက တစ်ခုဖြစ်တာကြောင့်လည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ပြောထားပါသေးတယ်။
ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထားပါတယ်။