တဇောင်းစေးနဲ့ မျက်ချေးဖြစ်ခဲ့ပေမယ့် Apple ဟာ Facebook နဲ့ ပေါင်းပြီး ပိုက်ဆံရဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားတာ ဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့ Users တွေကို ခြေရာခံတာမျိုး မလုပ်နိုင်အောင်ပါ စီစဉ်ခဲ့တာပါ။
ဒီဗားရှင်းကနေ ရလာမယ့် ဝင်ငွေကို Facebook နဲ့ Apple အတူတူ ခွဲဝေကြမယ်ဆိုပြီး Apple က စိတ်ကူးခဲ့တာပါ။ Apple အနေနဲ့ ကြော်ငြာမပါ Facebook ဗားရှင်းရဲ့ လစဉ် စာရင်းမှုအပါအဝင် In-apps ဝယ်ယူမှုတွေကနေ ရလာမယ့် ငွေတွေကို မြင်ယောင်ခဲ့ပေမယ့် ဒီမဟာစီမံကိန်းကြီးဟာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ Facebook နဲ့ ဆွေးနွေးမှုမှာ Apple ဟာ ပိုက်ဆံပေးပြီး Boosted ထားတဲ့ ပို့စ်တွေကနေပါ ဝေစုခွဲချင်ခဲ့တဲ့အကြောင်း ပြောခဲ့ပါတယ်။
"Apple ဟာ Facebook ရနေတဲ့ ဝင်ငွေထဲကနေ ယူနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အစီအမံတွေ အများကြီး အကြံပြုခဲ့တာ ရှိပါတယ်။ ဒီလို အကြံပြုခဲ့တာတွေထဲက တစ်ခုကတော့ ကြော်ငြာလုံးဝမပါတဲ့ လစဉ်ကြေးပေးသုံးရမယ့် Facebook ဗားရှင်းတစ်ခု ဖန်တီးဖို့ ဖြစ်တယ်လို့ ဆွေးနွေးပွဲအကြောင်း သိကြတဲ့ လူတွေက ပြောပါတယ်။" လို့ The Wall Street Journal က ဖော်ပြပါတယ်။
လူမှုကွန်ရက်ပရိသတ်အများအပြားဆီ ရောက်အောင် တွန်းတင်ပေးနိုင်တဲ့ Boosted ပို့စ်တွေဟာ Facebook ရဲ့ ကြော်ငြာဝင်ငွေအိုးတစ်လုံး ဖြစ်ခဲ့ပြီး လုပ်ငန်းငယ်လေးတွေဟာ သူတို့ရဲ့ ပို့စ်တွေကို လူအများကြီးဆီ ဖြန့်ဖြူးနိုင်ဖို့ Facebook ပေါ်မှာ ပို့စ်တွေ Boost ထိုးကြပါတယ်။ Facebook Boosts တွေကိုပါ Apple က in-app ဝယ်ယူမှုစာရင်းထဲ ထည့်ပြီး ပိုက်ဆံခွဲယူဖို့ ပြောလာချိန်မှာ Facebook နဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
Apple ဟာ in-App ဝယ်ယူမှုလုပ်သမျှရဲ့ ၃၀% ကို ဖြတ်ယူထားချင်တာပါ။ Facebook ဘက်ကလည်း Boosting ထိုးထားတာဟာ Apple ကို ခွဲပေးစရာ မလိုတဲ့ ကြော်ငြာထုတ်ကုန်တွေလို့ သတ်မှတ်ပါတယ်။ Facebook အနေနဲ့ Apple ကို ကိုယ့်ဝင်ငွေထဲက ခွဲပေးဖို့ဆိုတာ ယုတ္တိမရှိဘူးလို့ မြင်ခဲ့ပုံရပါတယ်။ Apple ဟာ Facebook နဲ့ အကျိုးတူ ပိုက်ဆံရှာမယ့်အစီအစဉ်တွေအကြောင်းကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးမှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။ မအောင်မြင်ခဲ့တဲ့ ညှိနှိုင်းမှုတွေအပြီးမှာတော့ Apple ဟာ Facebook ကို အထိနာစေမယ့် လက်သီးတစ်ချက် စပြီး ထိုးနှက်ပါတယ်။
အဲ့ဒါကတော့ iPhone နဲ့ iPad သုံးတဲ့သူတွေကို Third-Party Apps တွေက ကိုယ့်အချက်အလက်သုံးပြီး ကြော်ငြာဖို့ ခြေရာခံတဲ့ ကိစ္စကို ခွင့်ပြုမလား ၊ မပြုဘူးလား ဆုံးဖြတ်နိုင်မယ့် App Tracking Transparency (ATT) ဆိုတဲ့ Feature ကို WWDC 2021 ပွဲနဲ့အတူ မိတ်ဆက်လိုက်တာပါပဲ။ ATT ဟာ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ရဲ့ စီးပွားရေးကို သိသိသာသာ ထိုးနှက်နိုင်ခဲ့ပြီး ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေသောက်သောက်လဲ ရနေတဲ့ လူမှုကွန်ရက်ကုမ္ပဏီကို ဝင်ငွေဒေါ်လာဘီလျံ ဆယ်နဲ့ချီ ဆုံးရှုံးနစ်နာစေခဲ့ပါတယ်။
အသုံးပြုသူတွေကို ခြေရာခံမှုကို လူသိအောင် လုပ်တဲ့ ATT Feature ဖြန့်ချိပြီးနောက်ပိုင်း Insider Intelligence လို့ခေါ်တဲ့ သုတေသနလုပ်ငန်းတစ်ခုရဲ့ အစီရင်ခံစာအရ iPhone အသုံးပြုသူတွေထဲက ၃၇% ဟာ ကုမ္ပဏီတွေကို Apps တွေပေါ်က သူတို့ရဲ့ လှုပ်ရှားမှုအကြောင်း ခြေရာခံခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလက စတင် ဖြန့်ချိခဲ့တဲ့ ATT Feature ထွက်လာပြီးနောက် Meta ဟာ ဝင်ငွေ သိသိသာသာ ကျဆင်းသွားသလို ပြီးခဲ့တဲ့ သုံးလပတ်မှာဆို ကုမ္ပဏီသမိုင်းမှာ ပထမဆုံးဝင်ငွေကျဆင်းမှု ကြုံတွေ့ခဲ့ရပါတယ်။
Apple အနေနဲ့ ATT Feature ထုတ်တာဟာ လူပုဂ္ဂိုလ်တွေရဲ့ သုံးစွဲသူအချက်အလက် လုံခြုံရေးအတွက် လုပ်တာလို့ နာမည်ကောင်းယူနိုင်ပေမယ့် ကြော်ငြာကနေပဲ ဝင်ငွေအဓိကရနေတဲ့ Meta အတွက်တော့ Apple နဲ့ အဆင်ပြေအောင် ကြည့်စီစဉ်ရမလား ဒါမှမဟုတ် တခြားနည်းနဲ့ပဲ ဝင်ငွေပြန်တက်ရေး နည်းလမ်းရှာရမလား ခေါင်းမီးတောက်အောင် စဉ်းစားရတော့မှာ ဖြစ်ပါတယ်။