သက်ရှိထင်ရှားရှိနေဆဲ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ ဂျပန်နိုင်ငံမှာ အဘွားအိုဟာ ဇန်နဝါရီ ၂ ရက်နေ့က အသက် ၁၁၇ ခုနှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
(Photo: AP)
ဂျပန်အဘွားအို ကာနီတာနာကာ (Kane Tanaka) ကို ယမန်နှစ် မတ်လ ၉ ရက်နေ့က ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်များ အဖွဲ့အစည်း (Guinness World Records) က တရားဝင် သတ်မှတ်ခဲ့ပါတယ်။ ဂျပန်အဘွားအို ကာနီတာနာကာဟာ ၁၉၀၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ လမစေ့မီ မွေးဖွားခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
သူမက သင်္ချာပညာရပ်ကို လေ့လာသင်ကြားပြီး စစ်တုရင်ကဲ့သို့ ဦးနှောက်သုံးရတဲ့ ဂိမ်းကစားနည်းတွေ ဝါသနာပါသူ ဖြစ်ပါတယ်။ အဘွားအိုဟာ ၁၉၂၂ ခုနှစ်မှာ ဟိုက်ဒီအို တာနာကာနဲ့ လက်ထပ်ခဲ့ပြီး ကလေး ၄ ဦး မွေးဖွားခဲ့ကာ ပဉ္စမမြောက်ကလေးတစ်ဦးကိုလည်း မွေးစားခဲ့ပါတယ်။ အဘွားအိုဟာ ၁၉၂၂ ခုနှစ်မှာ ဟိုက်ဒီအို တာနာကာနဲ့ လက်ထပ်ခဲ့ပြီး ကလေး ၄ ဦး မွေးဖွားခဲ့ကာ ပဉ္စမမြောက်ကလေးတစ်ဦးကိုလည်း မွေးစားခဲ့ပါတယ်။
(Photo: AP)
ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စံချိန်တင်ထားပြီး ယခုနှစ် အသက် ၁၁၇ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အဘွားအိုကာနီက ပုံမှန်အားဖြင့် မနက် ၆ နာရီမှာ အိပ်ရာထလေ့ရှိပြီး မွန်းလွဲပိုင်းတွေမှာ သင်္ချာပညာ လေ့လာသင်ကြားခြင်းနဲ့ လက်ရေးအလှ ရေးဆွဲလေ့ကျင့်ခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။
"အဘွားအိုကာနီ အနှစ်သက်ဆုံး ဝါသနာက Othello (ကြားကွက်ရွှေ့သကဲ့သို့ ဂိမ်း) ဂိမ်းကစားတာပဲ၊ သူမက အဲဒီဂိမ်းမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီး ဘိုးဘွားရိပ်သာ ဝန်ထမ်းတွေကို မကြာခဏ အနိုင်ရလေ့ရှိတယ်" လို့ ယမန်နှစ်က ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသတ်မှတ်ပြုလွှာ ပေးအပ်ခဲ့စဥ်အတွင်း ဂင်းနစ်အဖွဲ့က ပြောခဲ့ဖူးပါတယ်။
(Photo: @CGTNOfficial via Twitter)
ဂျပန်ဟာ လူ့သက်တမ်းအရှည်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အသက်အကြီးဆုံး လူသားအဖြစ် အသိအမှတ်ပြုခံရသူတွေ ယခင်ကလည်း ရှိခဲ့ဖူးပါတယ်။ ၎င်းတို့အနက် အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ရောက်ရှိပြီးနောက် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ကွယ်လွန်ခဲ့တဲ့ ဂျီရိုမွန် ကီမူရာလည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသိအမှတ်ပြုခံခဲ့ရသူမှာ ပြင်သစ်နိုင်ငံမှ Jeanne Louise Calment အမည်ရှိ အဘွားအိုဖြစ်ပြီး သူမဟာ ၁၉၉၇ ခုနှစ်အတွင်း အသက် ၁၂၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းတွေအရ သိရပါတယ်။
Source: AP, Metro