ဂျပန်နိုင်ငံတစ်ဝှမ်း လေပြင်းတိုက်မှု၊ ရေလှိုင်းများမြင့်တက်မှုနဲ့ မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ယနေ့ (စက်တင်ဘာ ၂၉ ရက်) ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူငါးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

japan-typhoon-trami-1.jpg

Photo: AFP

အဆိုပါမုန်တိုင်းဟာ ယခု သီတင်းပတ်ကုန်အတွင်း ဂျပန်ကျွန်းစုတစ်လျှောက် ဖြတ်သန်းတိုက်ခတ်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားကြောင်း သိရပါတယ်။တိုင်ဖွန်းထရာမီ (Typhoon Trami) ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်အထိရှိနိုင်ကြောင်း ခန့်မှန်းထားခဲ့ပြီး ယနေ့ မနက်အစောပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်း ရာသီဥတုဆိုးရွားမှုတွေ လာမယ့် တနင်္လာနေ့ (အောက်တိုဘာ ၁ ရက်) အထိ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့မှုအရ လေပြင်းတိုက်မှုကြောင့် အိုကီနာဝါမြို့တော် နာဟာမြို့မှာ သစ်ကိုင်းများကျိုးကျကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်နေတာတွေ့ရပါတယ်။



Photo: AFP

အိုကီနာဝါကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ကမ်းရိုးတန်းနေရာတစ်ခုမှာ ကြီးမားတဲ့ ပင်လယ်ရေလှိုင်းများ ရိုက်ခတ်နေကြောင်း သိရပါတယ်။ တိုင်းဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အိုကီနာဝါမှာ လူဦးရေ ၆၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရပြီး နေအိမ် ၁၂၀,၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။

Photo: CGTN

မုန်တိုင်းအန္တရာယ်ရှိတာကြောင့် အဓိကအားဖြင့် ဂျပန်အနောက်ပိုင်းမှာ လေကြောင်းခရီးစဉ် ၃၈၆ ခုထက်မနည်း ဖျက်သိမ်းခဲ့ကြောင်းလည်း NHK ကဆိုပါတယ်။ မုန်တိုင်းနဲ့ဆက်နွယ်တဲ့ မတော်တဆမှုတွေကြောင့် လူငါးဦး ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း အိုကီနာဝါ အာဏာပိုင်တွေက ပြောပါတယ်။"သတင်းအချက်အလက်တွေ စုဆောင်းနေဆဲဖြစ်လို့ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်က တိုးမြှင့်လာနိုင်ဖွယ်ရှိနေပါသေးတယ်" လို့ အိုကီနာဝါကျွန်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ မိုတိုကီမီနီအီက ပြောခဲ့ပါတယ်။

Map: AccuWeather

အိုကီနာဝါဒေသခံတွေကို မုန်တိုင်းအန္တရာယ်ရှိတာကြောင့် သတိဝီရိယဖြင့် သွားလာနေထိုင်ကြရန် တိုက်တွန်းထားကြောင်းလည်း ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။ မိုးလေဝသဌာနက တိုင်ဖွန်းထရာမီ တိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်း လေပြင်းတိုက်မှု၊ ပင်လယ်ရေလှိုင်းများမြင့်တက်မှုနဲ့ မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

Photo: Asahi

ဂျပန်အနောက်ပိုင်းဒေသကို စက်တင်ဘာလ အစောပိုင်းကလည်း ၂၅ နှစ်အတွင်း အားအကောင်းဆုံးဖြစ်တဲ့ တိုင်းဖွန်းမုန်တိုင်းဂျက်ဘီ (Typhoon Jebi) ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် ယခုနှစ်အစောပိုင်းကလည်း ဂျပန်အနောက်ပိုင်းဒေသတွေမှာ စံချိန်တင်မိုးသည်းထန် ရေကြီးမှုတွနဲ့ အပူချိန် စံချိန်တင်မြင့်တက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ထို့အတူ စက်တင်ဘာလအတွင်းမှာပင် ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုင်းကျွန်းမှာ ရစ်(ခ်)တာစကေး ၆.၆ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က