ဟောင်ကောင်ကို တစ်ပတ်မပြည့်မီအတွင်း ဒုတိယအကြိမ် အပူပိုင်းမုန်တိုင်းတစ်ခု ချဥ်းကပ်လာတာကြောင့် ယနေ့ (အောက်တိုဘာ ၁၂ ရက်) ညနေပိုင်းမှစပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။
အပူပိုင်းမုန်တိုင်း Kompasu ဟာ နိုင်ငံတကာ စီးပွားရေးအချက်အချာနေရာဖြစ်တဲ့ ဟောင်ကောင်ကို ငါးရက်အတွင်း ဒုတိယမြောက် ချဥ်းကပ်လာတဲ့ မုန်တိုင်းလည်းဖြစ်ပါတယ်။ မုန်တိုင်းချဥ်းကပ်လာမှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
(Map: WeatherUnderground)
ဟောင်ကောင်စံတော်ချိန် ယနေ့ည ၅ နာရီအချိန်အထိ မိုးလေဝသထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ဟောင်ကောင်ရဲ့တောင်ဘက် မိုင် ၂၉၀ ကျော်အကွာမှာ တည်ရှိနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၆၈ မိုင်ဖြင့် တိုက်ခတ်နေတယ်လို့ သိရပါတယ်။ ဟောင်ကောင်မိုးလေဝသဌာနက ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီ ၂၂ မိနစ်အချိန်မှာ မုန်တိုင်းသတိပေးချက်ကို တတိယအမြင့်ဆုံးဖြစ်တဲ့ T8 အအဆင့် ထုတ်ပြန်လိုက်ပါတယ်။
ကူးတို့ရေယာဥ်တွေနဲ့ ဘတ်စ်ကားအများအပြားကို ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီး မြေအောက်ရထားစနစ်ကိုတော့ ဆက်လက် ပြေးဆွဲနေပါတယ်။ မိုးလေဝသဌာနက သတိပေးချက်မထုတ်မီ ယနေ့အစောပိုင်းမှာကတည်းက စာသင်ကျောင်းတွေက ကျောင်းသူကျောင်းသားတွေကို အိမ်ပြန်လွှတ်ခဲ့ပြီး ရုံးအများအပြားကလည်း ဝန်ထမ်းတွေကို အိမ်ပြန်စေခဲ့ပါတယ်။
(Photo: Felix Wong)
ဟောင်ကောင်မှာ ပြီးခဲ့တဲ့ စနေနေ့ (အောက်တိုဘာ ၉ ရက်) ကလည်း Linrock လို့ အမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်း ချဥ်းကပ်လာမှုကြောင့် T8 အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရသေးကြောင်း သိရပါတယ်။ ထိုစဥ်ကလည်း မိုးသည်းထန်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ယခုလက်ရှိ အပူပိုင်းမုန်တိုင်း Kompasu ဟာ ဟောင်ကောင်ရဲ့တောင်ဘက် မိုင်ရာနဲ့ချီ အကွာအဝေးမှာ တည်ရှိနေပေမဲ့ T8 အဆင့် မုန်တိုင်းသတိပေးချက်ကို ၂၂ နာရီကြာ ထုတ်ပြန်ထားမှာဖြစ်ပြီး ၁၉၇၈ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားချိန် ဖြစ်လာပါတယ်။ မုန်တိုင်းကြောင့် ဟောင်ကောင်မှာ ၂ ရက်အတွင်း မိုးရေချိန် ၁၈ လက်မ (၄၆၀ မီလီမီတာ) ရွာသွန်းခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။