ချစ်သုဝေရဲ့ မွေးနေ့ကို HIV လူငယ်ဖွံ့ဖြိုးရေး ဂေဟာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။စွန့်ပစ်ခံ HIV ကလေးငယ်တွေအတွက် အသက်မွေး ဝမ်းကျောင်းပြုနိုင်ဖို့ သီးသန့်ကျောင်းလေး ဆောက်ပေးရင်လည်း ကောင်းမယ်လို့ သူ့ရင်ထဲက ဆန္ဒကို မီဒီယာတွေကနေတဆင့် ထုတ်ဖော်ပြောပြခဲ့ပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့ ဒီနေ့ကတော့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကို HIV လူငယ်ဖွံ့ဖြိုးရေး ဂေဟာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ HIV ရောဂါခံစားနေရတဲ့ ကလေးတွေကို မြင်လိုက်ရတဲ့အချိန်မှာ သူ့စိတ်ထဲ ခံစားခဲ့ရတဲ့ အကြောင်း အရာတွေကို မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
'' အခုတော်တော်ရင့်ကျက်ပြီထင်တာ၊ မရင့်ကျက်နိုင်ဘူးဖြစ်နေတယ်။ အစ်မ ဟောက်ဆာဂျင်လုပ်တုန်းက HIV ရောဂါပိုးရှိတဲ့ အမေတွေက ကလေးတွေကို ပစ်သွားကြတယ်။ အဲ့ဒီအခါကျရင် ဆရာဝန်တွေကပဲ ပိုက်စံတွေစု နို့မှုန့်တွေ တိုက်ပြီးတော့ စောင့်ရှောက်ကြရတာပေါ့။ အဲ့ဒီပုံ ရိပ်လေးတွေ အစ်မ ပြန်မြင်တာပေါ့၊ တချို့ကလေးတွေဆိုရင် စိတ်ထဲစွဲနေတော့ ပြန်သတိရတယ်'' လို့ ဆိုပါတယ်။
ချစ်သုဝေဟာ HIV ရောဂါခံစားနေရတဲ့ ကလေးငယ်တွေအတွက် သူ့ရင်ထဲက ဖြစ်စေချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။ ဒီကလေးငယ်တွေ ကိုလည်း သာမန်ကလေးငယ်တွေနဲ့ တန်းတူ လွတ်လပ်စွာ နေထိုင်စေချင်တယ်လို့ ဆိုပါတယ်။ စွန့်ပစ်ခံ HIV ကလေးငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ သီးသန့်ကျောင်းလေး ဆောက်ပေးရင်လည်း ကောင်းမယ်လို့ သူကပြောပါတယ်။
'' သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းတွေ၊ အစိုးရအဖွဲ့တွေ၊ ငွေကြေးတတ်နိုင်တဲ့ ပရဟိတသမားတွေ၊ စီးပွားရေးသမားတွေက HTV ရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေအတွက် ကျောင်းလေး သီးသန့် လုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့။ ဒီကလေးတွေ အသက်ကြီးလာတဲ့ အခါမှာ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် လုပ်ပေးရင်သိပ်ကောင်းမှာပဲ'' လို့ ဆိုပါတယ်။
မေမေချစ်သုဝေအတွက် သူငယ်ချင်းတွေရဲ့ မွေးနေ့ Surprise
သြဂုတ်လ ၁၀ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အလှူလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တဲ့ ချစ်သုဝေက ဒီအလှူကို Fan တွေက စီစဉ် ပေးခဲ့တာလို့ ဆိုပါတယ်။ ဒီနှစ်မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးကလည်း ထူးခြားတဲ့ ခံစားချက်တွေ ရခဲ့တယ်လို့ မွေးနေ့ အလှူကို တက် ရောက်လာတဲ့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။
'' မွေးနေ့တိုင်းကတော့ သူ့နည်း သူ့ဟန်လေးနဲ့ ပြည့်စုံပါတယ်။ သမီးလေးတွေနဲ့ အတူတူ မွေးနေ့ကို ဖြတ်သန်းလာတာဆိုရင်တော့ ဒါ သုံးနှစ် မြောက်ပေါ့။ ထူးထူးခြားခြား သူတို့ရှိလာမှ မွေးနေ့ကို ခံစားရတာလေးက မမစဉ်းစားသမျှ သူတို့လေးတွေအတွက် ဖြစ်သွားတယ်။ ကိုယ့်မွေးနေ့ အပေါ်မှာတောင် အာရုံသိပ်မရှိတော့ဘူး'' လို့ ဆိုပါတယ်။
ချစ်သုဝေဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ ချစ်စရာအမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။