လေထုထဲသို့ ၉ မိုင်ကျော်အထိ ပြာမှုန်များထွက်ရှိလာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့အနီးရှိ မီးတောင်တစ်ခု ပေါက်ကွဲမှုဖြစ်ပြီး လေထုထဲသို့ ၉ မိုင်ကျော်အထိ ပြာမှုန်များထွက်ရှိလာခဲ့ရာ လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ရပြီး လေယာဥ်ခရီးစဥ်များ ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။

(Photo: J.P.L Yen/Reuters)

မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်နေတဲ့ Taal မီးတောင်ဟာ ဖိလစ်ပိုင်မှာ လှုပ်ရှားသက်ဝင်မှုအရှိဆုံး မီးတောင်များအနက် အပါအဝင်ဖြစ်ပြီး မနီလာမြို့တောင်ဘက် ၄၃ မိုင်အကွာရှိ ရေအိုင်တစ်ခုရဲ့အလယ်မှာရှိပါတယ်။



Philippine Institute of Volcanology and Seismology (Phivolcs) က Taal မီးတောင်ပေါက်ကွဲမှုအန္တရာယ် သတိပေးချက်ကို အဆင့် ၄ အဖြစ် ထုတ်ပြန်ထားပါတယ်။ မီးတောင်ပေါက်ကွဲမှုအန္တရာယ် သတိပေးချက် အဆင့် ၅ ဆင့်ရှိပြီး အဆင့် ၄ ဟာ နာရီပိုင်းမှ ရက်ပိုင်းအတွင်း အန္တရာယ်ရှိတဲ့ မီးတောင်ပေါက်ကွဲထွက်မှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေးတာလည်း ဖြစ်ပါတယ်။

(Photo: AP/Aaron Favila)

မီးတောင်ပေါက်ကွဲရာမှာ ဖြစ်ပေါ်လာတဲ့ အန္တရာယ်ရှိ ဆူနာမီရေလှိုင်းများ၊ လျင်မြန်စွာရွေ့လျားတဲ့ အပူဓာတ်ငွေ့စီးကြောင်းနဲ့ မီးတောင်ထဲမှ အန္တရာယ်ရှိအရာဝတ္တုများက Taal ရေအိုင် ပတ်ဝန်းကျင်နေရာဒေသတွေကို ရောက်ရှိနိုင်ကြောင်းလည်း Phivolcs က သတိပေးထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

မီးတောင်ပေါက်ကွဲမှုအန္တရာယ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ၈,၀၀၀ ကို ရွှေ့ပြောင်းပေးနေပြီး အခြား လူ ၆,၀၀၀ ခန့်ကိုတော့ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၂ ရက်) မနက်အစောပိုင်းမှာ အန္တရာယ်ဇုန်အတွင်းမှ ရွှေ့ပြောင်းစေခဲ့ကြောင်း National Disaster Risk Reduction and Management Council က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Bullit Marquez/AFP/Getty Images)

ယခု မီးတောင်ပေါက်ကွဲနေမှုကြောင့် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမယ့် ဆီရက်စ်အသင်းနဲ့ မြန်မာနိုင်ငံမှ ရှမ်းယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကိုလည်း ကျင်းပရန်အခက်အခဲရှိနေပါတယ်။ ရှမ်းယူနိုက်တက်ဟာ ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း မြန်မာယူ-၂၂အသင်း တည်းခိုခဲ့တဲ့ Century Park ဟိုတယ်အနီးရှိ Armada ဟိုတယ်မှာ တည်းခိုနေတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များပြီး လှုပ်ရှားသက်ဝင်မှုအရှိဆုံး မီးတောင်များတည်ရှိရာ ပစိဖိတ်မီးကွင်းဒေသ (Pacific 'Ring of Fire') မှာတည်ရှိနေပါတယ်။ ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိကြောင်း သိရပါတယ်။


အလွန်အန္တရာယ်ရှိတဲ့ Taal မီးတောင်ရှင်

  • စတုရန်းမိုင် ၈၉ မိုင်ရှိတဲ့ Taal ရေအိုင်ကြီးရဲ့အလယ်မှာ တည်ရှိနေတဲ့ မီးတောာင်ရှင်တစ်လုံးဖြစ်ပြီး သမိုင်းမတိုင်မီခေတ်က ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
  • Taal မီတောင်ဟာ ရှုပ်ထွေးတဲ့ မီးတောင်တစ်ခုဖြစ်ပြီး မီးတောင်ဝတစ်နေရာတည်း မဟုတ်ဘဲ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေ အချိန်နဲ့အမျှ ပြောင်းလဲခဲ့ပါတယ်။
  • ဖိလစ်ပိုင် မီးတောင်နဲ့ မြေငလျင်ဌာန အကြီးအကဲက Taal မီးတောင်ကို "မီးတောင်တစ်ခုထဲမှာရှိတဲ့ မီးတောင်" လို့ သုံနှုန်းခေါ်ဝေါ်ပြီး အလွန်အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။
  • Taal မီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတွင်း မတူညီတဲ့ပုံစံမျိုးဖြင့် အကြိမ် ၃၀ ကျော် ပေါက်ကွဲခဲ့ဖူးပြီး နောက်ဆုံးအကြိမ်မှာ ၁၉၇၇ ခုနှစ်က ဖြစ်ပါတယ်။
  • ၁၉၁၁ ခုနှစ်က Taal မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၁,၅၀၀ ခန့် သေဆုံးခဲ့ပြီး ၁၉၇၄ ခုနှစ်က ပေါက်ကွဲမှုကတော့ လနဲ့ချီ ကြာမြင့်ခဲ့ပါတယ်။

.

Share

Loading Next Article...
က္က