လာမယ့် သီတင်းနှစ်ပတ်ဟာ နောက်ထပ် စမ်းသပ်မှုများ လုပ်ဆောင်နိုင်ရန် အဆုံးအဖြတ်ပေးမယ့် အလွန်အရေးပါတဲ့အချိန် ဖြစ်လာမှာပါ။

ထိုင်းနိုင်ငံမှာ COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နေမှုဟာ လူတွေမှာ စမ်းသပ်နိုင်ရန်သင့် မသင့် ဆုံးဖြတ်သိရှိနိုင်တော့မယ့် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

(Photo: Reuters)

ထိုင်းသိပ္ပံပညာရှင်တွေ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ဇွန် ၂၂ ရက်နေ့က မျောက်တွေမှာ ဒုတိယအကြိမ် ထိုးနှံစမ်းသပ်ခဲ့ပြီး အစောဆုံးအနေနဲ့ ယခုနှစ် အောက်တိုဘာလမှာ လူတွေကို ထိုးနှံစမ်းသပ်နိုင်မယ့် နောက်ထပ် ရလဒ်ကောင်းကို မျှော်လင့်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။



ထိုင်းမှာထုတ်နေတဲ့ ကာကွယ်ဆေးဟာ တစ်ကမ္ဘာလုံးမှာ လက်ရှိအချိန်အထိ လူဦးရေ ၉ သန်းကျော်မှာ ကူးစက်ခဲ့ပြီး ၄၇၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ COVID-19 အတွက် ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေက ထုတ်လုပ်နေကြတဲ့ ကာကွယ်ဆေး အမျိုးပေါင်း အနည်းဆုံး ၁၀၀ အနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါ ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဥ် မြင့်တက်နေဆဲဖြစ်ပြီး တနင်္ဂနွေနေ့ (ဇွန် ၂၁ ရက်) က နောက်ထပ် ကူးစက်ခံရသူ ၁၈၃,၀၀၀ တိုးလာခဲ့ကာ နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ဇွန် ၂၂ ရက်နေ့က မျောက် ၁၃ ကောင်မှာ ထိုးနှံစမ်းသပ်ခဲ့ပြီး လာမယ့် သီတင်းနှစ်ပတ်ဟာ နောက်ထပ် စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် အဆုံးအဖြတ်ပေးမယ့် အလွန်အရေးပါတဲ့အချိန် ဖြစ်လာမယ်လို့ ဆိုပါတယ်။

"ကာကွယ်ဆေးထိုးပြီးနောက် တုံ့ပြန်မှုကို နောက်တစ်ကြိမ် လေ့လာဆန်းစစ်သွားမှာပါ၊ တစ်ကယ်လို့ တုံပြန်မှုက ကျေနပ်စရာဖြစ်တယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ ကာကွယ်ဆေးတစ်ခုပါပဲ" လို့ ဘန်ကောက်မြို့ရှိ Chulalongkorn တက္ကသိုလ်မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုဆိုင်ရာ သုတေသနအဖွဲ့ခေါင်းဆောင် Kiat Ruxrungtham က ပြောခဲ့ပါတယ်။

(Photo: AFP)

ထိုင်းအစိုးရက အထောက်အပံ့ပေးမှုဖြင့် ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ ဈေးသက်သာပြီး ပြည်တွင်းထုတ်ဖြစ်ကာ လာမယ့်နှစ်မှာ အသင့်ဖြစ်နိုင်ရန် မျှော်လင့်ထားပါတယ်။ ထိုင်းသိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုအရ မျောက်များကို အုပ်စုသုံးခုခွဲထားပြီး ပထမအုပ်စုကို ကာကွယ်ဆေးပမာဏများများ ထိုးပေးခဲ့ပြီး နောက်အုပ်စုကိုတော့ ဆေးပမာဏအနည်းငယ်သာ ထိုးနှံပေးခဲ့ပါတယ်။

နောက်ဆုံး မျောက်အုပ်စုကိုတော့ ကာကွယ်ဆေး မထိုးပေးခဲ့ဘူးလို့ ဆိုပါတယ်။ မျောက်တွေကို ကာကွယ်ဆေး သုံးကြိမ်ထိုးမှာဖြစ်ပြီး တစ်လခြားတစ်ကြိမ် ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ကို မေ ၂၃ ရက်နေ့က ထိုးနှံပေးထားခဲ့ရာ တုံ့ပြန်မှုရလဒ်ကောင်းခဲ့တယ်လို့ သိရပါတယ်။ ယခု ဒုတိယအကြိမ်မှာလည်း အလားတူ ရလဒ်ကောင်းထက်ပေါ်ခဲ့ပါက ကာကွယ်ဆေးထုတ်လုပ်မှု အစီအစဥ်အရ မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံမယ့် လူဦးရေ ၁၀,၀၀၀ ကို ထိုးနှံစမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"ရလဒ်တွေကို အစောဆုံးအနေနဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ သိနိုင်ပါမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မြန်မြန်တော့ မမျှော်လင့်ပါဘူး၊ နောက်အကျဆုံးက နိုဝင်ဘာလ ဖြစ်နိုင်ပါတယ်" လို့ Kiat Ruxrungtham က ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဇွန် ၂၂ ရက် ကိန်းဂဏန်းတွေအရ COVID-19 ကူးစက်ခံသူ နောက်ထပ် ၃ ဦး တိုးလာခဲ့ရာ ပြည်ပမှ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းမှာ COVID-19 ပြည်တွင်းကူးစက်မှုများ မတွေ့ရှိရတာ ၂၈ ရက်ရှိပြီလည်း ဖြစ်ပါတယ်။

Share

က္က