ထိုင်းနိုင်ငံမှာ ကျောင်းသားအုပ်စုများဦးဆောင်တဲ့ ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာ လနဲ့ချီ ကြာမြင့်ပြီဖြစ်ပြီး တက်ကြွလှုပ်ရှားသူအချို့က ဩဇာလွှမ်မိုးမှုကြီးတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် အတိအလင်း တောင်းဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆန္ဒပြသူတွေအနေနဲ့ လွန်ကဲလာပါ နိုင်ငံမှာ မီးဟုန်းဟုန်းတောက်သွားနိုင်ကြောင်း သတိပေးမှုကို အံတုဖီဆန်ပြီး ယခုသီတင်းပတ်ကုန်မှာ ဆန္ဒပြသူ ထောင်းသောင်းချီတဲ့ ပါဝင်ကြတဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အကြီးဆုံး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လတ်တလော ပေါ်ပေါက်နေတဲ့ ပြည်သူလူထုဆန္ဒပြမှုတွေရဲ့ နောက်ခံအကြောင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို AFP သတင်းဌာနက ဖော်ပြထားပါတယ်။
ဆန္ဒပြသူတွေက ဘာလိုချင်တာလဲ?
ဆန္ဒပြသူတွေက စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ စုရုံးချီတက် ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ ယင်လတ်အစိုးရကို စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့စဥ်က စစ်တပ်အကြီးအကဲအဖြစ် ဦးဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ငါးနှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။
စစ်အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ယမန်နှစ် ရွေးကောက်ပွဲများမတိုင်မီ အပြီးသတ် ရေးဆွဲစေခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပရာယွတ်က အနိုင်ရရှိပြီး အရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းဦးဆောင်ခွင့်ရခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပရာယွတ် အနိုင်ရမှုဟာ အခြေခံဥပဒေသစ်ရဲ့ အထောက်အပံ့များကြောင့် ဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဥ်တစ်ခုလုံးဟာ ချုပ်ကိုင်ခြယ်လှယ်ခံခဲ့ရကြောင်း ဆန္ဒပြသူတွေက ပြောဆိုထားပြီး လွှတ်တော်ကိုဖျက်သိမ်းရန်၊ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန်နဲ့ ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နှောင့်ယှက်ခံရမှုတွေကို အဆုံးသတ်ရန် တောင်းဆိုကြပါတယ်။
ထို့အတူ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း အချက် ၁၀ ချက် တောင်းဆိုထားပြီး ဩဇာကြီးမားတဲ့ တော်ဝင်မိသားစုကို ဝေဖန်မခံရစေရန် အကာအကွယ်ပြုထားတဲ့ အသရေဖျက်မှု ဥပဒေတစ်ရပ်ကို ဖျက်သိမ်းပစ်ရန်လည်း ပါဝင်ပါတယ်။ ထိုဥပဒေဟာ ကမ္ဘာပေါ်ရှိ အလားတူ ဥပဒေတွေအနက် အပြင်းထန်ဆုံးဖြစ်ပြီး ပြစ်မှုတစ်ခုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်တာလည်း ဖြစ်ပါတယ်။
ဆန္ဒပြမှုတွေ ဘာကြောင့်ဖြစ်လာတာလဲ?
ထိုင်းနိုင်ငံမှာ လူငယ်တွေကြား ရေပန်းစားကျော်ကြားတဲ့ အတိုက်အခံပါတီကို နိုင်ငံရေးလုပ်ခွင့် တားမြစ်ပိတ်ပင်လိုက်တဲ့ ဖေဖေါ်ဝါရီလမှစပြီး အစိုးရနဲ့ သဘောထားကွဲလွဲသူတွေဟာ မကျေနပ်မှုတွေနဲ့အတူ တအုံနွေးနွေး ဖြစ်နေခဲ့ပါတယ်။ အစိုးရက Future Forward ပါတီကို ထိုသို့ တားမြစ်ပိတ်ပင်မှုဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူအများအပြားက ပြောကြပါတယ်။ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် lockdown လုပ်ခဲ့ရာမှ ထိုင်းနိုင်ငံရဲ့စီးပွားရေး ထိုးကျသွားခဲ့ပြီး ဆင်းရဲချမ်းသာ ကွာဟမှုဖြစ်လာပါတယ်။
အွန်လိုင်းမှာ အစိုးရဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်မှုတွေရှိလာခဲ့ပြီး ဇူလိုင်လလယ်ပိုင်းမှစပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ နေ့စဥ်ရက်ဆက်နီးပါး ရှိနေခဲ့ပါတယ်။ ယခုသီတင်းပတ်ကုန်မှာတော့ လူဦးရေ ၃၀,၀၀၀ အထိ ပါဝင်ကြပြီး ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး စုရုံးချီတက် ဆန္ဒပြမှုကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ယခင် ဆန္ဒပြမှုတွေနဲ့ ဘာကွာခြားလဲ?
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်များအတွင်း ပြည်သူလူထု လမ်းပေါ်ထွက် ဆန္ဒပြမှုများနဲ့ စစ်အာဏာသိမ်းမှုများဖြင့် သံသရာလည်နေခဲ့ပါတယ်။ သို့သော် ယခင်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာရခြင်းဟာ ငွေရေးကြေးရေးနဲ့ နိုင်ငံရေးကိစ္စရပ်တွေကြောင့် ဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် ဆန္ဒပြကျောင်းသားတွေကတော့ တစ်ဦးတည်းသောခေါင်းဆောင်မရှိလို့ ပြောဆိုလာကြပြီး ထိုဆန္ဒပြမဟာဗျူဟာက ဟောင်ကောင်ဆန္ဒပြမှုတွေကို တစ်စိတ်တစ်ပိုင်း အတုယူထားတယ်လို့ ဆိုပါတယ်။
ဘုရင်စနစ်ကို မဝေဖန်ရဲ၊ မပြောဆိုရဲ အခြေအနေကို ပြောင်းလဲပစ်ပြီး ပြုပြင်ပြောင်းလဲရန် တောင်းဆိုရဲလာကတည်းက ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်မဟာဗာဂျီယာလောင်ကွန်း အပါအဝင် တော်ဝင်မိသားစုဝင်တွေဟာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိရပါဘူး။ သို့သော် လက်တွေ့မှာတော့ တော်ဝင်မိသားစုတွေက ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးမားကြသူတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီးနောက် ဘုရင်မဟာဗာဂျီယာလောင်ကွန်းက မကြုံစဖူး အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဘုရင်မဟာဗာဂျီယာလောင်ကွန်းက နန်းတော်ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုတွေကို တိုက်ရိုက်ထိန်းချုပ်ခဲ့ပြီး စစ်တပ်ရဲ့ စစ်တိုင်းနှစ်ခုကို ၎င်းရဲ့ ကွပ်ကဲအုပ်ချုပ်မှုအောက်သို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ဘုရင်မဟာဗာဂျီယာလောင်ကွန်းဘက်မှာ သစ္စာခံ စစ်တပ်နဲ့ ဩဇာကြီးတဲ့ ဘီလျံနာအုပ်စုတွေ ပူးပေါင်းထားကြပါတယ်။
တုံ့ပြန်မှုက ဘာလဲ?
ထိုင်းမှာ လတ်တလော ပေါ်ပေါက်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအပေါ် တုံ့ပြန်မှုက ရောထွေးနေပါတယ်။ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြမှုတွေကို အလုပ်သမား လူတန်းစားမှ အများအပြား အပါအဝင် ထောက်ခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံတစ်ဝန်း အထက်တန်းကျောင်းများကိုပါ ပျံ့နှံ့သွားခဲ့ပြီး ဆယ်ကျော်သက်တွေကြား ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။
သို့သော် တော်ဝင်အုပ်စုကို ထောက်ခံသူတွေကလည်း သေးငယ်တဲ့ တန်ပြန်ဆန္ဒပြမှုတွေရှိခဲ့ရာ အသက်ကြီးသူ အများစု ပါဝင်ခဲ့ကြပါတယ်။ ထိုင်းစစ်တပ်အကြီးအကဲ Apirat Kongsompong က လူမျိုး၊ နိုင်ငံကို မုန်းတီးမှုဟာ ကုလို့မရတဲ့ ရောဂါတစ်ခုဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကတော့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ လွန်ကဲပြင်းထန်လာပါက နိုင်ငံမှာ မီးဟုန်းဟုန်းတောက်သွားနိုင်ကြောင်း၊ သို့သော် သီတင်းပတ်ကုန် ဆန္ဒပြမှုတွေကို ပျော့ပျောင်းတဲ့ အစီအမံများဖြင့် ကိုင်တယ်သွားမယ်လို့ ပြောထားပါတယ်။
လက်ရှိအချိန်အထိ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းများဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ထားပြီး အာမခံပေးကာ ပြန်လွှတ်ခဲ့ပါတယ်။
နောက်ဘာဖြစ်မလဲ?
ဆန္ဒပြသူတွေက ကြာသပတေးနေ့ (စက်တင်ဘာ ၂၄ ရက်) မှာ လွှတ်တော်အဆောက်အအုံ အပြင်ဘက်သို့ နောက်ထပ် စုရုံးချီတက် ဆန္ဒပြကြရန် တိုက်တွန်းထားပါတယ်။ ထိုနေ့မှာ လွှတ်တော်အမတ်တွေက အလားအလာရှိတဲ့ အခြေခံဥပဒေပြင်ဆင်ချက်တွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ထို့အတူ အောက်တိုဘာ ၁၄ ရက်နေ့မှာလည်း အထွေထွေသပိတ်မှောက်ကြရန် ဆန္ဒပြသူတွေက လိုလားနေကြပါတယ်။ ထိုအချက်များကလွဲပြီး နောက်ထပ် ဖြစ်လာနိုင်ခြေတွေကိုတော့ ခန့်မှန်းရခက်နေဆဲ ဖြစ်ပါတယ်။
Photo: AFP, MediaCorp/CNA, EPA
.
Share