ထိုင်းနိုင်ငံသို့ နိုင်ငံတကာလေကြောင်းခရီးစဥ် ဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းကို လာမယ့် ဇွန်လကုန်အထိ တိုးချဲ့သတ်မှတ်လိုက်ကြောင်း မေ ၁၆ ရက်နေ့မှာ လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။
(Photo: AFP)
Civil Aviation Authority က နိုင်ငံတကာ ခရီးသည်တင်လေယာဥ် ဝင်ရောက်မှုကို ကနဦးအနေနဲ့ မေလကုန်အထိ ပိတ်ပင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းမှာ ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ လျော့ကျနေခဲ့ပေမဲ့ နိုင်ငံတကာ လေကြောင်းခရီးစဥ်တွေကို ဇွန်လကုန်အထိ ဆက်လက်ပိတ်ထားရန် ဆုံးဖြတ်ခဲ့ပါတယ်။
မေ ၁၆ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ ထိုင်းနိုင်ငံမှာ COVID-19 လူနာအသစ် တိုးမလာခဲ့သလို သေဆုံးသူလည်း မရှိခဲ့ဘဲ ပြန်လည်သက်သာသူ ၁ ဦး တိုးလာခဲ့တာ တွေ့ရပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့နည်းသွား ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေက ပိတ်ပင်ကန့်သတ်မှုတွေကို စတင်ဖြေလျှော့ပေးနေပြီလို့ Reutres သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: Reueters)
ယနေ့ (မေ ၁၇ ရက်) မှစပြီး ဈေးတန်းများနဲ့ စတိုးဆိုင်များကို ထိုင်းအစိုးရက ပြန်ဖွင့်ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ညမထွက်ရ အချိန်သတ်မှတ်ချက်ကိုလည်း ယခင် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယခုအခါ ည ၁၁ နာရီမှ မနက် ၄ နာရီအဖြစ် ပြောင်းလဲခဲ့ပါတယ်။
(Photo: Getty Images)
TAT ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်မှာ ထိုင်းနိုင်ငံကို ခရီးသည် ၁၄ သန်းမှ ၁၆ သန်း လာရောက်မယ်လို့ သိရပြီး ထိုအရေအတွက်ဟာ ပြီးခဲ့တဲ့ မတ်လမှာ ခန့်မှန်းထားတဲ့ ခရီးသည်ဝင်ရောက်မှု ၃၃.၈ သန်းထက် သိသာစွာ လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ခရီးသည်ဝင်ရောက်မှု ကျဆင်းသွားခြင်းက ၁၄ နှစ်အတွင်း အနည်းဆုံး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံကို ခရီးသည် ၃၉.၈ သန်းအထိ စံချိန်တင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။