COVID-19 ကာလအတွင်း မိုဘိုင်းငွေပေးချေရေး ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ KBZPay မှ ငွေလွှဲမှု ဆက်တိုက်မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
KBZPay ပေါ်မှတစ်ဆင့် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ငွေလွှဲမှုပမာဏ ကျပ်ငွေ ၁.၄ ထရီလီယံကျော် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ဩဂုတ်လ ၁၃ ရက်နေ့အထိ KBZPay သုံးပြီး ငွေကြေးလွှဲပြောင်းပေးမှု ပမာဏဟာ ကျပ်ငွေ ၄.၉ ထရီလီယံအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်တာလုံး ငွေလွှဲပြောင်းမှုထက် ၇၅% မြင့်တက်လာတာ ဖြစ်ပါတယ်။
Photo: Myanmar Tech Press
ဧပြီလမှ စတင်ပြီး KBZPay မှတ်ပုံတင်အသုံးပြုသူအချင်းချင်း အချိန်မရွေး အခမဲ့ ငွေလွှဲပြောင်းဝန်ဆောင်မှု ပေးပြီးနောက် ငွေကြေး လွှဲပြောင်းမှု ပြုလုပ်တဲ့ အရေအတွက် ၈၇% နဲ့ ငွေကြေးလွှဲပြောင်းမှုပမာဏ ၁၆၂% မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ဇူလိုင်တစ်လတည်းမှာ မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် ငွေကြေးလွှဲပြောင်းမှု ပမာဏဟာ ကျပ်ငွေ ၄.၅ ဘီလီယံအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း အသွားအလာကန့်သတ်မှုနဲ့ Stay Home နေထိုင်မှုများကြောင့် KBZPay သုံးစွဲမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ KBZPay သုံးစွဲသူတစ်ဦးဟာ KBZPay ကိုယ်စားလှယ်နဲ့ ဈေးဆိုင်ပေါင်း ၂၉၀၀၀၀ ကျော်နဲ့ ချိတ်ဆက်ပြီး ငွေသွင်းငွေထုတ်လုပ်နိုင်မှာပါ။ ကမ္ဘောဇဘဏ် အလုပ်အမှုဆောင်အရာရှိဖြစ်သူ Mike DeNoma ကတော့ KBZPay ဟာ မိုဘိုင်းပိုက်ဆံအိတ်တစ်လုံးထက် ပိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဝန်ဆောင်မှုပေးနေတယ်လို့ ဆိုပါတယ်။
Photo: KBZ Pay
“နှစ်အစပိုင်း ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ဇွန်လထဲမှာ အသုံးပြုသူတွေရဲ့ KBZPay မှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏ ၁၆၇%အထိ မြင့်တက်သွားတာကို ကြည့်ရင် သိနိုင်ပါတယ်။”လို့ Mike DeNoma က ပြောပါတယ်။
KBZ Pay ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ ဒီ app ဟာ လက်ရှိမှာ version 3.0 ထွက်ထားပြီး နည်းပညာလုပ်ဆောင်ချက်နဲ့ ငွေကြေးဆိုင်ရာ ထုတ်ကုန်သစ်တွေ ကို ပုံစံသစ်နဲ့ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။