ဒီတစ်ပတ် ပရီးမီးယားလိဂ်အသင်းတွေကစားမယ့် ချန်ပီယံလိဂ်ပွဲတွေအတွက် အိုဝင်က ခန့်မှန်းပေးခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဥ်တွေကို ဒီနေ့ညမှာ စတင်ကစားကြမှာဖြစ်ပါတယ်။ ဒီညမှာ အတ္တလန်တာနဲ့ယူနိုက်တက်၊ မာလ်မိုနဲ့ချဲလ်ဆီး၊ မနက်ဖြန်ညမှာတော့ မန်စီးတီးနဲ့ဘရုဂေး၊ လီဗာပူးနဲ့အက်သလက်တီကိုတို့ ကစားကြမှာပါ။



အရင်ဆုံး ဒီညမှာ ကစားမယ့် မာလ်မိုနဲ့ချဲလ်ဆီးပွဲအတွက် အိုဝင်က “ချဲလ်ဆီးက လက်ရှိအချိန်မှာ အသင်းတိုင်းအတွက် ရှိန်နေရမယ့် အသင်းတစ်သင်းဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်မှာ (၃) ဂိုးပဲပေးရသေးတယ်၊ ပထမအကျော့အိမ်ကွင်းမှာ မာလ်မိုကို (၄) ဂိုးပြတ်နဲ့နိုင်တယ်၊ ဒီပွဲက ချဲလ်ဆီးအတွက် အရမ်းကြီး အလေးအနက်ထားလောက်စရာ ပွဲမဟုတ်ပေမယ့် သက်သောင့်သက်သာနဲ့ပဲ ၀-၂ ဂိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်” လို့ဆိုပါတယ်။

အတ္တလန်တာနဲ့ ယူနိုက်တက်ပွဲအပေါ်မှာတော့ အိုဝင်က “ပြီးခဲ့တဲ့စနေက ယူနိုက်တက်အတွက် ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ပြောင်းလဲမှုက ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပြီး ကာဗာနီနဲ့ရော်နယ်ဒိုအတွဲက ပြိုင်ဘက်ကို ပြဿနာတွေ အများကြီးပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ သူတို့အတွက် ခက်ခဲကြမ်းတမ်းမယ့်ပွဲဖြစ်ပြီး သရေတစ်မှတ်ရရင်ပဲ ရလဒ်ကောင်းဖြစ်နေပါပြီ။ ကျွန်တော်ကတော့ တစ်ဂိုးစီသရေဖြစ်ဖို့ ခန့်မှန်းပေးချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မနက်ဖြန်ညမှာ ကစားမယ့် မန်စီးတီးနဲ့ဘရုဂေးပွဲအတွက် အိုဝင်က “မန်စီးတီးက ပဲလေ့စ်ကိုရှုံးခဲ့တယ်ဆိုပေမယ့် ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဒီလိုရလဒ်မျိုးတွေကတော့ ဖြစ်တတ်ပါတယ်။ ဒီပွဲမှာ သူတို့အကောင်းဆုံးပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ဘယ်လ်ဂျီယံမြေမှာလည်း ၁-၅ ဂိုးနဲ့ နိုင်ခဲ့သေးတယ်လေ။ ကျွန်တော်ကတော့ မန်စီးတီး ၃-၀ ဘရုဂေးပါ” လို့ ခန့်မှန်းပေးခဲ့ပါတယ်။

လီဗာပူးနဲ့အက်သလက်တီကိုတို့ ထိပ်တိုက်တွေ့မယ့်ပွဲအပေါ်မှာလည်း အိုဝင်က “လီဗာပူးက ချန်ပီယံလိဂ်မှာ (၃) ပွဲကစား၊ (၃) ပွဲနိုင်ထားတာပါ။ မက်ဒရစ်မှာ နိုင်ခဲ့ပြီးတဲ့နောက် အန်ဖီးလ်မှာလည်း သူတို့နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

"ဆာလာက အုပ်စု (၃) ပွဲကစား၊ (၅) ဂိုးသွင်းထားပါတယ်။ ဒီပွဲမှာလည်း သူဂိုးသွင်းမယ်လို့ ကျွန်တော်ထင်ပြီး လီဗာပူးတို့ ၂-၀ ဂိုးနဲ့နိုင်သွားမှာပါ” လို့ ခန့်မှန်းပေးခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က