လီဗာပူး ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းက ဆာလာရဲ့တွစ်တာပေါ်က ပို့စ်တွေနဲ့ ပတ်သက်လို့ စိတ်တိုင်းမကျဘဲ ဆာလာကို တိုက်ရိုက်သတိပေးပြောကြားလာခဲ့ပါတယ်။ ဆာလာဟာ ဗီလာရီးရဲလ်ကို အနိုင်ရကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့ပြီးတည်းက ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ချင်တယ်လို့ပြောခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်လာတဲ့နောက် ဆာလာက သူ့ရဲ့တွစ်တာကတဆင့် “စာရင်းရှင်းစရာတွေရှိနေပြီ” ဆိုတဲ့သဘော ရေးတင်ခဲ့ပြန်ပါတယ်။ ဒီအပေါ်မှာတော့ ဟာမန်းက ဆာလာရဲ့လုပ်ရပ်တွေကို မနှစ်မြို့ဘဲ ပွဲပြီးမှသာ စကားပြောသင့်ကြောင်း ပြောဆိုလာပါတယ်။
ဟာမန်းက “တွစ်တာပေါ်မှာ ဆာလာတင်ထားတာတွေ တွေ့ပါတယ်။ ကျနော် ဒါကို သဘောမကျပါဘူး။ ကျနော့်မှာ ပြောစရာရှိပါတယ်။ ပထမအကြိမ် သူ ရီးရဲလ်နဲ့တွေ့ခဲ့တုန်းကဖြစ်ခဲ့တာတွေက ကံဆိုးလို့ပါ။ ရာမို့စ်က သူ့ကို ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ကျနော် သေချာ မပြောနိုင်ပါဘူး။ သူ ဆွဲချလိုက်တာတော့ ဟုတ်ပါတယ်”
“ဆာလာကို လူစားလဲလိုက်ရတာကလည်း ကံဆိုးခဲ့ပါတယ်။ ဒါပေမယ့် ကာရီးယပ်စ်ရဲ့ အမှားတခု ဒါမှမဟုတ် နှစ်ခုလောက်ရှိခဲ့တာလည်း ကျနော်တို့ သိပါတယ်။ ဒါက ရီးရဲလ်မက်ဒရစ်ကို အလေးသာသွားစေခဲ့ပါတယ်။ ကျနော်ကတော့ ကစားသမားတွေကို တိတ်တိတ်လေး နေစေချင်ပါတယ်။ ပွဲပြီးရင် သူတို့ ပြောချင်တာ ပြောနိုင်ပါတယ်”
“ဒါပေမယ့် ကျနော် ဆာလာဘာကြောင့် ဒီလိုတွေပြောလဲ နားလည်ပါတယ်။ သူ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ချင်တယ်ဆိုပြီး ပြောခဲ့သလို အခုတွေ့တဲ့အခါမှာ သူခေါင်းအေးအေးနဲ့ ကစားနိုင်ဖို့ မျှော်လင့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆာလာဟာ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တုန်းက ပခုံးဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခံလိုက်ရပါတယ်။
ရာမို့စ်က ဆာလာကို ရည်ရွယ်ချက်ရှိရှိ လူချကစားခဲ့တယ်ဆိုတဲ့အမြင်တွေလည်းရှိနေပြီး အဲ့ဒီပွဲမှာလည်း ကာရီးယပ်စ်ရဲ့ အမှားတွေကြောင့်လည်း ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီတကြိမ် နှစ်သင်းပြန်လည်ထိပ်တိုက်တွေ့တဲ့နေရာမှာတော့ လီဗာပူးတို့ ရှုံးကြွေးဆပ်နိုင်မလား၊ ရှုံးကြွေးတင်သွားမလား စောင့်ကြည့်ရမှာပါ။