ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်လာမှုမှာ အဓိက နောက်ကြောင်းပြန်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

မြောက်ကိုရီးယားက ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကနေ ၎င်းတို့ဝန်ထမ်းတွေကို ပြန်ရုပ်သိမ်းသွားပြီလို့ သိရပါတယ်။ ယခုဖြစ်ရပ်က တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်လာမှုမှာ အဓိက နောက်ကြောင်းပြန် ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

(ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့စဉ်) (Photo: Korea Pool/Getty Images)

မြောက်ကိုရီးယားက ၎င်းတို့ဝန်ထမ်းတွေကို နှစ်နိုင်ငံဆက်ဆံရေးရုံးကနေ ယနေ့(မတ်လ ၂၂ ရက်) နှောင်းပိုင်းမှာ ပြန်လည်ရုပ်သိမ်းသွားမယ်လို့ အကြောင်းကြားခဲ့ကြောင်း တောင်ကိုရီးယားဘက်က အတည်ပြုခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးရုံးမှ မြောက်ကိုရီးယား ပြန်ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ဝမ်းနည်းမိကြောင်းနဲ့ မြောက်ကိုရီးယားဝန်ထမ်းတွေ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လာကြရန် တိုက်တွန်းခဲ့တယ်လို့လည်း တောင်ကိုရီးယားက ပြောပါတယ်။



(ဆက်ဆံရေးရုံးဖွင့်လှစ်စဉ်ကေတွေ့ရသည့် ကိုရီးယားနှစ်နိုင်ငံမှ ကိုယ်စားလှယ်များ) (Photo: Photo: Joint Press Corps)

ပြီးခဲ့တဲ့လအတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အရေးပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကနေ မြောက်ကိုရီးယားဝန်ထမ်းတွေကို ပြန်ရုပ်သိမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကမ်မ်ဂျုံအန်တို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်နေ့က နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားပိုင်နက်အတွင်း ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံခဲ့ကြပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။

(ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်းတို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်မှာ တွေ့ဆုံခဲ့စဉ်) (Photo: AP)

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ယမန်နှစ် စက်တင်ဘာ ၁၄ ရက်နေ့က မြောက်ကိုရီးယားဘက်အခြမ်း နယ်စပ်ဒေသရှိ ကေဆောင်မြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခု ခြောက်လကျော်အကြာမှာ မြောက်ကိုရီးယားက ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ယခင်က ဖက်စ်နဲ့ အထူးဖုန်းလိုင်းတို့ဖြင့်သာ ဆက်သွယ်ခဲ့ကြခြင်းဖြစ်ပြီး ဆက်ဆံရေးရုံးဖွင့်လှစ်ပြီးနောက် ထိုရုံးမှတစ်ဆင့် ၂၄ နာရီ ဆက်သွယ်နိုင်ခဲ့ပါတယ်။

သို့သော် အမေရိကန်နဲ့ မြောက်ကိုရီးယား ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ မအောင်မြင်မှု၊ ကုလသမဂ္ဂက မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်မှုတွေ ဖြစ်လာခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကနေ မြောက်ကိုရီးယား ပြန်ရုပ်သိမ်းသွားမှုနဲ့ အတူ ကိုရီးယားကျွန်းဆွယ် အခြေအနေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က