လပေါ်မှာလမ်းလျှောက်ခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူး ဘတ်ဇ် အယ်လ်ဒရင်းက သားသမီးနှစ်ဦးနဲ့ စီးပွားရေးမန်နေဂျာဟောင်းတို့ကို ၎င်းရဲ့ငွေတွေခိုးယူမှု၊ ၎င်းအား အသရေဖျက်မှုတို့ဖြင့် တရားစွဲဆိုလိုက်တယ်လို့ ဆိုပါတယ်။
လပေါ်မှာလမ်းလျှောက်ခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူး ဘတ်ဇ် အယ်လ်ဒရင်း
အယ်လ်ဒရင်းရဲ့ သားနဲ့သမီးတို့က ၎င်းရဲ့ငွေတွေနဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲခွင့် လျှောက်ထားလာခဲ့ပြီးနောက် တစ်ပတ်အကြာမှာ အယ်လ်ဒရင်းက ဖလော်ရီဒါပြည်နယ်ရှိ တရားရုံးတစ်ရုံးမှာ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
အာကာသယာဉ်မှူးဟောင်း အယ်လ်ဒရင်းက သားသမီးနှစ်ဦးနဲ့ ၎င်းရဲ့ စီးပွားရေးဆိုင်ရာ မန်နေဂျာဟောင်းတို့ကို တရားစွဲဆိုထားကြောင်း တနင်္လာနေ့ (ဇွန်လ၂၅ ရက်) မှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အာကာသယာဉ်မှူးကြီး အယ်လ်ဒရင်း
မိသားစုဝင်တွေကတော့ အယ်လ်ဒရင်းဟာ အသိဉာဏ်လျော့ကျလာမှုကြောင့် တရားဝင် ထိန်းသိမ်းစောင့်ရှောက်သူ လိုအပ်ကြောင်း တရားသူကြီးထံ ပြောခဲ့ပါတယ်။ အသက် ၈၈ နှစ်အရွယ် အာကာသယာဉ်မှူး အယ်လ်ဒရင်းဟာ လပေါ်မှာလမ်းလျှောက်ခဲ့တဲ့ ဒုတိယမြောက်လူသားအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။
လပေါ်မှာ အယ်လ်ဒရင်း လမ်းလျှောက်ခဲ့စဉ်
အယ်လ်ဒရင်းက တရားစွဲဆိုမှုမှာ သားနဲ့သမီး၊ မန်နေဂျာဟောင်း ခရစ္စတီနာကော့ပ်တို့က ၎င်းရဲ့ အချစ်ရေးမှာလည်း ဝင်ရောက်စွက်ဖက်ခဲ့ကြပြီး လက်ထပ်ခြင်းမပြုရန် တားမြစ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ သားသမီးနှစ်ဦးနဲ့ စီးပွားရေးဆိုင်ရာ မန်နေဂျာဟောင်းတို့က အယ်လ်ဒရင်းရဲ့ကုမ္ပဏီ Buzz Aldrin Enterprises နဲ့ ၎င်းတည်ထောင်ထားတဲ့ ShareSpace ဖောင်ဒေးရှင်းတို့ကို စီမံခန့်ခွဲခွင့်လည်း တောင်းခံခဲ့ကြပါတယ်။
Apollo 11 အာကာသခရီးစဉ်မှ အာကာသယာဉ်မှူးများ
အသက် ၆၀ အရွယ်တွေ ဖြစ်ကြတဲ့ အယ်လ်ဒရင်းရဲ့သား အန်ဒရူးအယ်လ်ဒရင်းနဲ့ သမီးဖြစ်သူ ဂျန်နိစ်အယ်လ်ဒရင်းတို့က ၎င်းတို့ရဲ့ဖခင်ဟာ လတ်တလောမှာ မိတ်ဆွေအသစ်တွေနဲ့ ပေါင်းသင်းလာခဲ့ပြီး ထိုမိတ်ဆွေတွေက ဖခင်ဖြစ်သူကို မိသားစုနဲ့ ကင်းကွာစေရန် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူဟာ ငွေသုံးစွဲမှုလည်း အလွန်များအပြားလာကြောင်း သားသမီးနှစ်ဦးက ပြောခဲ့ပါတယ်။
လပေါ်မှပြန်လာပြီးနောက် သမ္မတ ရစ်ချတ်နစ်ဆင်က လာရောက်တွေ့ဆုံစဉ်
အာကာသယာဉ်မှူးကြီး အယ်လ်ဒရင်းကတော့ သားဖြစ်သူ အန်ဒရူးနဲ့ မန်နေဂျာဟောင်းတို့က ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ အာကာသဆိုင်ရာ အမှတ်တရပစ္စည်းတွေနဲ့ အနုပညာလက်ရာတွေ အပါအဝင် ၎င်းရဲ့ ပိုင်ဆိုင်မှုတွေကို မလျော်ကန်တဲ့နည်းဖြင့် ထိန်းချုပ်ခဲ့ကြတယ်လို့ တရားစွဲဆိုမှုမှာ ပြောထားပါတယ်။
ဒါ့အပြင် ၎င်းကိုလည်း စိတ်မမှန်တော့ကြောင်းနဲ့ သတိမေ့လျောတဲ့ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတယ်လို့လည်း အသရေပျက်အောင် နှစ်ပေါင်းအတန်ကြာ လုပ်ကြံပြောဆိုခဲ့ကြကြောင်း အယ်လ်ဒရင်းက ဆိုပါတယ်။ အယ်လ်ဒရင်းက တရားစွဲဆိုခဲ့ရာမှာ သားအကြီးဆုံးဖြစ်သူ မပါဝင်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂါဂြိုဟ်မှာ လူသားများ အခြေချ နေထိုင်ကြရန် အားပေးထာက်ခံသည့် အယ်လ်ဒရင်း
တရားရုံးက ခန့်အပ်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ယခုသီတင်းပတ်ကုန်မှာ အယ်လ်ဒရင်းကို စစ်ဆေးမှုပြုလုပ်သွားရန် စီစဉ်ထားပါတယ်။ အာကာသယာဉ်မှူးကြီး အယ်လ်ဒရင်းဟာ ၁၉၆၉ ခုနှစ် အပိုလို ၁၁ (Apollo 11) အာကာသခရီးစဉ်မှာ လိုက်ပါသွားခဲ့ပြီး လပေါ်ကိုခြေချနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး လူသားနှစ်ဦးအနက် ဒုတိယမြောက်လူသားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
လတ်တလော နှစ်များအတွင်းမှာ အယ်လ်ဒရင်းက အင်္ဂါဂြိုဟ် (Mars) ပေါ်မှာ လူသားများ အခြေချနေထိုင်ရန် အကြီးအကျယ် အားပေးထောက်ခံလာခဲ့ကြောင်းလည်း သိရပါတယ်။