လီဗာပူးဂန္တဝင်ကွင်းလယ်ကစားသမား စတီဗင်ဂျရတ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံလိဂ်ဆုအတွက် မန်ချက်စတာစီးတီးအသင်းနဲ့ အပြိုင်အဆိုင်ကြိုးပမ်းနေတဲ့ လီဗာပူးအသင်းအတွက် ဖိအားတွေခံစားနေရဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်း သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်က အမေရိကန်ကို မပြောင်းရွှေ့မီအထိ လီဗာပူးအသင်းအတွက် ပွဲပေါင်း ၇၁၀ မှာ ၁၈၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။
စတီဗင်ဂျရတ်အတွက် အကြီးမားဆုံး နောင်တဟာ ၂၀၁၄ ခုနှစ်က ချယ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ရာသီကုန်ခါနီး ပွဲစဉ်ဖြစ်ပြီး ယင်းပွဲစဉ်မှာ စတီဗင်ဂျရတ် ချော်လဲခဲ့တာကြောင့် ချယ်ဆီးအသင်းက ၂-၀ နဲ့အနိုင်ရရှိပြီး လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
စတီဗင်ဂျရတ်ဟာ လက်ရှိအချိန်မှာတော့ စကော့တလန်ကလပ်အသင်း ရိန်းဂျားရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေသူဖြစ်ပြီး ယမန်နေ့က လီဗာပူးဖောင်ဒေးရှင်း ရန်ပုံငွေပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးဂန္တဝင်အသင်းနဲ့ အေစီမီလန်ဂန္တဝင်အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအတွက် ပါဝင်ကစားပေးခဲ့ပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာ စတီဗင်ဂျရတ်က သတင်းထောက်ကို လက်ရှိ ပရီးမီးယားလိဂ်ဆုဖလားအတွက် ယှဉ်ပြိုင်နေမှုနဲ့ပတ်သက်ပြီး လီဗာပူးအသင်းအတွက် ၎င်းမှာလည်း ဖိအားတွေ ခံစားနေရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်ပြောတာ ယုံပါ။ ဖိအားတွေ ကျွန်တော် ခံစားနေရတုန်းပါပဲ”
“အဲဒါက ကျွန်တော့် မသိစိတ်ထဲမှာရှိနေတာပါ။ ကျွန်တော် ဒီနေ့ အလုပ်လည်း ရှိနေပြီး ကျွန်တော့်ရဲ့အာရုံစူးစိုက်မှုအားလုံးက ရိန်းဂျားအသင်းပေါ်မှာဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့မျက်လုံးတစ်လုံးကို အန်းဖီးမှာ ထားထားပါတယ်။ လီဗာပူးအသင်း အတားအဆီးတွေ ကျော်ဖြတ်ပြီး ဆုဖလားရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူူသားက ကျွန်တော်ဖြစ်လာမှာမို့လို့ပါ”
“အန်းဖီးကို လာရတာဟာ ကျွန်တော့်အတွက် အမြဲတမ်း ထူးခြားတဲ့အချိန်တွေပါပဲ။ အထူးသဖြင့် ကွင်းထဲမှာ လူတွေပြည့်နေပြီး အသင်းဝတ်စုံကို ဝတ်ထားရတဲ့အခါမှာပေါ့”လို့ ပြောကြားခဲ့ပါတယ်။