အင်္ဂလန်အနောက်မြောက်ပိုင်း လီဗာပူးလ်မြို့ရှိ အမျိုးသမီးဆေးရုံအပြင်ဘက်မှာ ကားတစ်စီး ပေါက်ကွဲမီးလောင်ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အမျိုးသားသုံးဦးကို အကြမ်းဖက်မှုအက်ဥပဒေဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ခရီးသည်တစ်ဦးကို တင်ဆောင်လာတဲ့ တက္ကစီဟာ ဗြိတိန်မှာ ပြုလုပ်လေ့ရှိတဲ့ "အောက်မေ့ဖွယ်တနင်္ဂနွေနေ့" အတွက် တစ်နိုင်ငံလုံး ၂ မိနစ် ငြိမ်သက်ရန် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၄ ရက်) မနက် ၁၁ နာရီ မတိုင်မီ ရပ်တန့်လိုက်ပါတယ်။
(Photo: Carl Bessant)
ထိုသို့ ရပ်တန့်ပြီးနောက် တက္ကစီ ပေါက်ကွဲမီးလောင်ခဲ့ပြီး လိုက်ပါလာတဲ့ ခရီးသည်က နေရာမှာတင် သေဆုံးပြီး ဒဏ်ရာရခဲ့တဲ့ အမျိုးသားယာဥ်မောင်းကတော့ ဆေးရုံမှာ အခြေအနေတည်ငြိမ်နေကြောင်း သိရပါတယ်။ တက္ကစီ ပေါက်ကွဲမီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ အမျိုးသားဟာ မည်သူဖြစ်ကြောင်း မသိရသေးပါဘူး။
ယခုဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အနောက်မြောက်ပိုင်းရဲတပ်ဖွဲ့မှ စုံထောက်တွေက အသက် ၂၉၊ ၂၆ နဲ့ ၂၁ နှစ်အရွယ် အမျိုးသားသုံးဦးကို လီဗာပူးလ်မြို့ရဲ့ Kensington အရပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကားပေါက်ကွဲမှု ဖြစ်ပွားရတဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကို ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်းနဲ့ မာဆေးဆိုက်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုကို လုံခြုံရေးဌာန MI5 ကလည်း ကူညီပေးနေပါတယ်။
(Photo: PA Media)
လက်နက်ကိုင်အရာရှိတွေက Kensington မှာ Rutland လမ်းနဲ့ Boaler လမ်းရှိ အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ အထူးတပ်ဖွဲ့အရာရှိတွေဟာ Rutland လမ်းမှာ ဆက်ရှိနေပြီး ကားပေါက်ကွဲမှုနဲ့ ဆက်စပ်တဲ့ စီးနင်းရှာဖွေမှု စစ်ဆင်ရေးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ကားပေါက်ကွဲမှုဖြစ်ပြီးနောက် လီဗာပူးလ် အမျိုးသမီးဆေးရုံကို ပိတ်ထားလိုက်ပြီး အနောက်ဘက် ဝင်ပေါက်ကိုသာ အသုံးပြုနေခဲ့ပါတယ်။ လီဗာပူးလ် အမျိုးသမီးဆေးရုံဟာ တစ်နှစ်လျှင် လူနာ ၅၀,၀၀၀ ခန့် လက်ခံကုသမှုပေးနေပြီး ဥရောပမှာ အကြီးဆုံး အမျိုးသမီးရောဂါကုသတဲ့ ဆေးရုံလည်းဖြစ်ပါတယ်။
နောက်ဆက်တွဲသတင်းအရ လီဗာပူးလ် အမျိုးသမီးဆေးရုံအပြင်ဘက် ကားပေါက်ကွဲမှုကို အကြမ်းဖက်ဖြစ်ရပ်အဖြစ် ရဲတပ်ဖွဲ့က ကြေညာခဲ့ကြောင်း သိရပါတယ်။