လေပြေတွေတိုက်ခတ်နေရာကနေ ရုတ်တရက်ဆိုသလို မုန်တို်င်းထန်ခဲ့တာပါ။

လီဗာပူးလ် ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားအတွက် အသင်းရဲ့နိုင်ပွဲဆက်နေမှုကြောင့် ပျော်ရွှင်စရာနေ့ရက်တွေဖြစ်နေခဲ့ပေမယ့် စနေနေ့ညက အန်းဖီးမှာ ပရိသတ်တစ်ဦးက ၎င်းနဲ့အတူ ဆယ်လ်ဖီတွဲရိုက်ဖို့ ကြိုးပမ်းခဲ့တဲ့အချိန်မှာတော့ အံ့အားသင့်လောက်အောင် ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ ဆောက်သမ်တန်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ချွေးသံတရွှဲရွှဲနဲ့ ပရိသတ်တွေကို လက်ခုပ်တီး နှုတ်ဆက်နေခဲ့တာဖြစ်ပြီး ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာသူက အဲဒီအခြေအနေကို လက်လွှတ်မခံဘဲ အခွင့်အရေးယူခဲ့တာဖြစ်ပါတယ်။ လက်ထဲမှာ ဖုန်းကိုင်ထားတဲ့ လီဗာပူးလ်ပရိသတ်တစ်ဦးဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်နဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် ဆာလားကတော့ အဲဒီလို မလုပ်ချင်ခဲ့တာဖြစ်ပါတယ်။



ဓာတ်ပုံထဲမှာ ဒေါသထွက်နေတဲ့ ဆာလားဟာ ပရိသတ်ကို ရပ်တန့်ဖို့အတွက် တွန်းထားရင်း စကားပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး လုံခြုံရေးတွေက ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာသူကို လာရောက် ခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဂျိုတာရဲ့သွင်းဂိုး ၂ ဂိုး၊ သီယာဂိုနဲ့ ဗန်ဒိုက်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး နိုင်ပွဲကြောင့် ပျော်ရွှင်နေတဲ့ပရိသတ်ဟာ ၎င်းရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဓာတ်ပုံတွဲရိုက်နိုင်ရင် စနေနေ့ညဟာ ပြီးပြည့်စုံသွားလိမ့်မယ်လို့ မှတ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူးဆီက ဒေါသတကြီး တွန်းထုတ်ခြင်းကို ခံခဲ့ရတဲ့အပြင် လုံခြုံရေးတွေကိုပါ ကွင်းအတွင်းကနေ ဆွဲထုတ်သွားဖို့ အော်ခေါ်ခြင်းကို ခံခဲ့ရတဲ့အတွက် ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ ပရိသတ်ရဲ့ စနေနေ့ညဟာ အပျော်တွေ ပျောက်ဆုံးပြီး တစ်စစီ ကျိုးပဲ့သွားခဲ့ရတာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေသူဖြစ်ပေမယ့် လက်ရှိအချိန်အထိ ၂ ဖက်သဘောတူညီမှု ရရှိခြင်းမရှိသေးဘဲ လာမယ့်ရက်သတ္တပတ်အနည်းငယ်လောက်အထိ သဘောတူညီမှုမရရှိခဲ့ရင်တော့ ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာနိုင်တော့မှာဖြစ်ပါတယ်။

Share

က္က