သြဂုတ် ၁၉ ရက် ညပိုင်းမှာ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ထိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခဲ့ပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း ငလျင်လှုပ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ အင်အားပြင်းထန်တဲ ငလျင်ကြီးနှစ်ခု ယနေ့ (သြဂုတ် ၁၉ ရက်) တစ်ရက်တည်းမှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo: RT

ယနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ထိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လွမ်ဘော့ကျွန်း မြောက်-အရှေ့မြောက်ဘက် ပင်လယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း United States Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ယနေ့ မနက်ပိုင်းမှာလည်း လွမ်ဘော့ကျွန်း အရှေ့ပိုင်းဒေသရှိ Belanting မြို့ရဲ့ အနောက်-အနောက်တောင်ဘက်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၆.၃ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခဲ့ပါသေးတယ်။



ပင်လယ်အတွင်း ဗဟိုပြုပြီး အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပေမဲ့ လတ်တလောမှာ ပစိဖိတ်ဆူနာမီ သတိပေးစင်တာက ဆူနာမီရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

သြဂုတ် ၁၉ ရက် ညပိုင်း ငလျင်ကြီး လှုပ်ခတ်မှုနေရာပြ မြေပုံ (Map: USGS)

ဒေသခံတစ်ဦးကတော့ ငလျင်လှုပ်မှုကြောင့် အိပ်ပျော်နေရာမှ လန့်နိုးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ "ငလျင်က တော်တော်ပြင်းတယ်ဗျ၊ အကုန်လုံး လှုပ်နေခဲ့တယ်၊ ကျွန်တော်တို့အားလုံး ယာယီခိုလှုံတဲ့ ရွက်ဖျင်တဲထဲမှာ အိပ်ပျော်နေခဲ့ကြပြီး ငလျင်လှုပ်တော့ ရမ်းခါသွားတာကြောင့် လန့်နိုးခဲ့ကြတယ်၊ လူတိုင်းက လမ်းမပေါ်ကို အော်ဟစ်ထွက်ပြေးကြပြီး တချို့က ငိုနေကြတယ်" လို့ အဂက်စ်ဆလမ်က AFP သတင်းဌာနကို ပြောပါတယ်။ယနေ့ညပိုင်းမှာ ငလျင်ကြီးလှုပ်ခဲ့တဲ့ နေရာဒေသအတွင်း လျှပ်စစ်မီးများလည်း ပြတ်တောက်နေခဲ့တယ်လို့ ဆလမ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ လွမ်ဘော့ကျွန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်ကုန်းပိုင်းမှစပြီး အင်အားပြင်းငလျင်များ လှုပ်ခတ်နေခဲ့ရာ လူဦးရေ ၃၅၀,၀၀၀ ကျော်ဟာ နေအိမ်များမှ ထွက်ပြေးခဲ့ရပြီး ယာယီခိုလှုံရေးနေရာတွေမှာ နေထိုင်နေကြရပါတယ်။

လွမ်ဘော့ငလျင်ဒဏ်သင့် ဒေသခံများ ယာယီခိုလှုံရေး ရွက်ဖျင်တဲများ (Photo: Muslim Aid Indonesia)

လွမ်ဘော့ကျွန်းမှာ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းက ရစ်(ခ်)တာစကေး ၆.၄ ရှိ ငလျင်လှုပ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပြီး တစ်ပတ်မျှအကြာ သြဂုတ် ၅ ရက် ညပိုင်းမှာတော့ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့ရာ လူ ၄၇၆ ဦးအထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။ဒါ့အပြင် သြဂုတ် ၉ ရက်မှာလည်း ရစ်(ခ်)တာစကေး ၅.၉ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။ လွမ်ဘော့ကျွန်းအပြင် အင်ဒိုနီးရှားနိုင်ငံ Raba မြို့မှာလည်း သြဂုတ် ၁၇ ရက်နေ့က ရစ်(ခ်)တာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ငလျင်လှုပ်မှုတွေကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့မှု (Photo: Maria Josephine/CRS)

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က