နူနက်ဇ်ကို လီဗာပူးတို့ခေါ်တဲ့အပေါ် ပြိုင်ဘက်တွေလှောင်ပြောင်နေတာပါ။

မနေ့က လီဗာပူးတို့ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဆိုတာကို တရားဝင်ကြေညာခဲ့ပြီး ဒီကစားသမားဟာ လီဗာပူးမှာ ကျောနံပါတ် (၂၇) ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ နူနက်ဇ်အတွက် လီဗာပူးတို့ ကနဦးပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းနဲ့ သန်း (၈၀) ဝန်းကျင်ပေးချေခဲ့ရပြီး အပိုဆုကြေးကလည်း ယူရိုသန်း (၂၀) ဝန်းကျင်ရှိပါတယ်။



ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘင်ဖီကာအတွက် အဓိကတိုက်စစ်မှူးတယောက်ဖြစ်ခဲ့ပြီး အသင်းအတွက် (၄၁) ပွဲကစား၊ (၃၄) ဂိုးသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း နူနက်ဇ်က နှစ်ကျော့လုံးဂိုးသွင်းခြေစွမ်းပြခဲ့ပါတယ်။ ဒီကစားသမားကိုခေါ်ယူဖို့ ယူနိုက်တက်ကလည်း ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့်နောက်ပိုင်းမှာ ကစားသမားအတွက် ပေးချေရမယ့်ပြောင်းရွှေ့ကြေးက များပြားလွန်းတယ်လို့ ယူဆပြီး လက်လျှော့သွားခဲ့ပါတယ်။ ဒီမတိုင်ခင်တည်းကလည်း ကစားသမားက လီဗာပူးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီးသားပါ။ နူနက်ဇ်ဟာ လီဗာပူးမှာ မာနေးနေရာကို အစားဝင်နိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး မာနေးကလည်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ဘက်အသင်းပရိသတ်တွေက နူနက်ဇ်ကို လီဗာပူးတို့ ဒီလောက်အထိ ကလပ်စံချိန်တင်ပေးပြီး ခေါ်တဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ပရိသတ်တွေက “လီဗာပူးက ဘာသက်သေမှမပြရသေးတဲ့ ကစားသမားတယောက်အတွက် သန်း (၁၀၀) ဖြုန်းတီးလိုက်ပါပြီ” “အလယ်လတ်တန်းစားကစားသမားအတွက် သန်း (၁၀၀) ပေးလိုက်ပါပြီ”

“သန်း (၁၀၀) တဲ့လား? မန်စီးတီးက ဟာလန်းအတွက် ပေးတဲ့ ပြောင်းရွှေ့ကြေးထက် နှစ်ဆတောင် ပိုများနေတယ်” “ဘာမှအထူးတလည်ကောင်းတဲ့ ကစားသမားမဟုတ်ပါဘူး။ လူကာကူကမှ သူ့ထက် ဘောလုံးအထိန်းအသိမ်းပိုကောင်းဦးမယ်” အစရှိသဖြင့် လှောင်ပြောင်နေကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း နူနက်ဇ်ရဲ့ ဟာသဆန်ဆန် အလွဲအမှားတွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင်က ပျံ့နှံ့နေပြီး ဒီဗီဒီယိုကြောင့်လည်း နူနက်ဇ်ကို ခေါ်ယူခဲ့တဲ့ လီဗာပူးကို လှောင်ပြောင်လျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က