အရင်ကတည်းက မိန်းကလေးဆန်ဆန် မနေတတ်တဲ့ ချမ်းမြေ့မောင်ချိုက အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ အဝတ်အစားနဲ့ ပတ်သက်ပြီး ပြောင်းလဲခဲ့ရတယ်လို့ဆိုပါတယ်။ သူမဟာ သာမန်မိန်းကလေးတစ်ယောက်လို နေထိုင်မှုနဲ့ အဆိုတော်တစ်ယောက်ဖြစ်လာတဲ့ အပေါ် နေထိုင်မှုပုံစံ ကွဲပြားသွားလားဆိုတာကို အခုလိုဖြေဆိုခဲ့ပါတယ်။
ချမ်းမြေ့မောင်ချိုဟာ Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲမှာ ဝင်မပြိုင်ခင်ကတည်းက သာမန်မိန်းကလေးတစ်ယောက်အဖြစ် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုတော် တစ်ယောက်ဖြစ်လာချိန်မှာတော့ ဘယ်လို အရာတွေက သူ့အတွက် ပြောင်းလဲ သွားသလဲ ဆိုတာကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
'' ဆရာတွေကလည်း ပြောတယ်။ နင်အပြင်သွားတာ ဘာညာက ကိုယ့် Free Style ရတယ်။ ဒါပေမယ့် စင်ပေါ်တက်ရင်တော့ ကိုယ်က သာမန် လူမဟုတ်တော့ဘူး အဆိုတော်ဖြစ်လာတဲ့အတွက် လူတွေရဲ့ စိတ်ဝင်စားမှုကို ယူရမယ့် အချိန်မှာ ကြည့်လိုက်ရင် အဆိုတော် ဆိုတာ ထင်းနေရ မယ်ဆိုတော့ ဒါလည်း ဟုတ်ပါတယ်လေ ဆိုပြီးတော့ ပြင်ဆင်ဖြစ်ပါတယ်''လို့ သူကဆိုပါတယ်။
Photo: ချမ်းမြေ့မောင်ချိုဖေ့စ်ဘွတ်
ချမ်းမြေ့မောင်ချိုဟာ သီချင်းဆိုပြိုင်ပွဲ စပြိုင်ကတည်းက ဆံပင်တိုတိုနဲ့ ယောကျ်ားလေး ဆန်ဆန် နေလေ့ရှိပါတယ်။ ဒါကြောင့်လည်း ပြိုင်ပွဲ တစ်လျှောက်လုံးမှာလည်း သူမက Tom Boy တစ်ယောက်ပါဆိုပြီးတော့ ကောလာဟလတွေ ထွက်ခဲ့ဖူးတဲ့အတွက် Tom Boy မဟုတ်တဲ့ အကြောင်းကိုလည်း စက်တင်ဘာလ ၂၇ ရက်နေ့က City Mall တစ်နှစ်ပြည့်အခမ်းအနားမှာ ဖြေဆိုခဲ့ပါတယ်။
''Show ပွဲရှိတိုင်း အမေနဲ့ အမြဲသတ်ရတယ်၊ မိတ်ကပ်လိမ်းတာတွေဆို သမီးက သိပ်မကြိုက်ဘူး။ Tom Boy တော့မဟုတ်ဘူး။ သမီးက ဆံပင် ပုံစံနဲ့ အလိုက်နေတတ်တယ်။ ဆံပင်ရှည်တုန်းကဆိုရင် မြန်မာအကျီၤလေးတွေ၊ ဂါဝန်လေးတွေဝတ်တယ်။ ဆံပင်က ညှပ်ရင်းနဲ့ တိုသွားတော့ ယောကျ်ားလေးလို နေဖြစ်သွားတာ မိန်းမစစ်စစ်ပါ'' လို့ ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့ပါတယ်။
Photo: ချမ်းမြေ့မောင်ချိုဖေ့စ်ဘွတ်
ဖြိုးမြတ်အောင်ရဲ့ လက်ဆောင်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ ချမ်းမြေ့မောင်ချို
ချမ်းမြေ့မောင်ချိုက သာမန်မိန်းကလေးတွေလို မိတ်ကပ်ဖြစ်ဖြစ်၊ သနပ်ခါးနဲ့ဖြစ်ဖြစ် လှလှပပ ပြင်ပြင်ဆင်ဆင် နေတတ်တဲ့သူမဟုတ်ပါဘူး။ သူကိုယ်တိုင်ကလည်း ပေါ့ပေါ့ပါးပါးနေရတာကို နှစ်သက်တဲ့သူ ဖြစ်တာကြောင့် အဆိုတော် တစ်ယောက်ဖြစ်လာပေမယ့်လည်း ဆင်ဆင် ခြင်ခြင် နေလိုက်ရတာတွေ မရှိဘူးလို့ ဆက်လက်ပြောပြလာပါတယ်။
'' အဲ့ဒီလိုမျိုးတော့ မရှိဘူး၊ သမီးက အရှိကို အရှိအတိုင်းပဲ နေတတ်တယ်လေ။ ကိုယ် ဒါကြီးဖြစ်သွားလို့ ဒီလိုမျိုး မတင်ရဘူးဆိုတာ မရှိဘူး။ အဆိုတော် ချမ်းမြေ့မောင်ချိုသာ ဖြစ်သွားတာ ဘာမှ မပြောင်းလဲသွားဘူးလေ။ အဆိုတော်ဆိုတဲ့ အရှေ့က နာမည်လေး တစ်ခုသာ ပို သွားတာ ဘာမှမဖြစ်ဘူး၊ အရင်ကလိုပဲ နေတာပါပဲ'' လို့ ဆိုပါတယ်။
Photo: ချမ်းမြေ့မောင်ချိုဖေ့စ်ဘွတ်
Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲကြီးကနေ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက် မှာတော့ ဖျော်ဖြေရေးတွေ ဆက်တိုက် သီဆိုနေရတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ကို ချစ်တဲ့ပရိသတ် အခိုင်အမာနဲ့ အဆိုတော် တစ်ယောက် ဖြစ်လို့နေပါပြီ။