အားလုံးတွက်ဆထားပြီးတဲ့အတိုင်းပဲ အက်သလက်တီကိုက အဝေးကွင်းမှာ သရေရလဒ်ကိုပဲ မျှော်ကိုးပြီး ကစားခဲ့ပါတယ်။ မန်စီးတီးက ဒီပွဲမှာ အီဒါဆန်၊ ကန်ဆယ်လို၊ စတုန်းစ်၊ လာပေါ့တ်၊ အကီ၊ ကွင်းလယ်မှာ ရိုဒရီ၊ ဒီဘရိုင်း၊ ဂွန်ဒိုဂန်၊ တိုက်စစ်မှာ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်၊ စတာလင်တို့ ပွဲထွက်ခဲ့ပါတယ်။
အက်သလက်တီကိုကတော့ ခံစစ်တန်းကို စနစ်တကျတည်ဆောက်လာခဲ့ပြီး ဂိုးသမား အိုဘလက်ခ်၊ နောက်တန်းမှာ လိုဒီ၊ ရိုင်နယ်လ်ဒို၊ ဆာဗစ်၊ ဖိလစ်ပီ၊ ဗာဆယ်လ်ကိုတို့နဲ့ နောက်တန်းငါးယောက်ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ ကိုကီ၊ ကွန်ဒေါ့ဘီယာ၊ လော်ရန်တေးနဲ့ တိုက်စစ်မှာတော့ ဂရစ်ဇ်မန်း၊ ယာအိုဖီးလစ်တို့ ပါဝင်ခဲ့ပါတယ်။
ပွဲစတာနဲ့ မန်စီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကွင်းတဝက်အထိ ဖိကစားခဲ့ပေမယ့် အက်သလက်တီကို ခံစစ်တန်းကလည်း ဟာကွက်မရှိသလောက်ကို ကောင်းမွန်ခဲ့ပါတယ်။ မန်စီးတီးရဲ့ Key Pass တွေကို အက်သလက်တီကို ကွင်းလယ်နဲ့ နောက်တန်းက အကောင်းဆုံး ဖြတ်တောက်နိုင်ခဲ့ပါတယ်။
အကျိုးဆက်ကတော့ မန်စီးတီးအနေနဲ့ ပထမပိုင်းမှာ ပြိုင်ဘက်ဂိုးပေါက်ကို တကြိမ်တောင်တည့်အောင် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှ ဒီဘရိုင်းရဲ့ ဖရီးကစ်ကန်ချက်ကို အိုဘလက်ခ် နှစ်ဆင့်ကာကွယ်ခဲ့ရတာက ဒီပွဲအတွက် မန်စီးတီးရဲ့ ပထမဆုံး ဂိုးပေါက်တည့်ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။
အက်သလက်တီကိုက လော်ရန်တေး၊ ဂရစ်ဇ်မန်း၊ ယာအိုဖီးလစ်တို့ရဲ့ တန်ပြန်တိုက်စစ်တွေက မန်စီးတီးဂိုးပေါက်ကို ကြီးကြီးမားမားမခြိမ်းခြောက်နိုင်ခဲ့သည့်တိုင် နောက်တန်းကိုတော့ အလုပ်ရှုပ်စေခဲ့ပါတယ်။ ဆီမြွန်နီက ဒုတိယပိုင်းမှာ ကန်ဟာ၊ ကော်ရီယာ၊ ဒီပေါလ်တို့ကိုထည့်ပြီး အပြောင်းအလဲလုပ်ခဲ့သလို ဂွါဒီယိုလာကလည်း ဂရီလစ်ရှ်၊ ဂျေးဆု၊ ဖိုဒန်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့ ဒီအပြောင်းအလဲက တမိနစ်အတွင်း ထိရောက်ခဲ့ပြီး ဖိုဒန်ရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုကတဆင့် ဒီဘရိုင်းက အကောင်းဆုံးအဆုံးသတ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဘရိုင်း အခွင့်အရေးထပ်ရခဲ့သေးပေမယ့် နောက်တန်းနဲ့ထိထွက်ခဲ့ပြီး မန်စီးတီးတို့ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရလဒ်ကပြတ်သားမှုမရှိတာကြောင့် ဒုတိယအကျော့ အက်သလက်တီကိုအိမ်ကွင်းမှာလည်း ပွဲက စိတ်ဝင်စားဖို့ကောင်းနေဦးမှာ သေချာပါတယ်။