မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် အပြင်းအထန် နေမကောင်းဖြစ်ပြီး သတိမေ့မြောနေကြောင်း တောင်ကိုရီးယားအစိုးရ အရာရှိဟောင်းတစ်ဦးက ပြောကြားကြောင်း သတင်းထွက်ပေါ်လာပါတယ်။
(ကင်မ်ဂျုံအန်နှင့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ) (Photo: AP)
ကင်မ်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက မြောက်ကိုရီးယားနိုင်ငံကို ထိန်းချုပ်ဦးဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ကင်မ်ဂျုံအန်က ၎င်းရဲ့ညီမ ကင်မ်ယိုဂျုံကို လုပ်ပိုင်ခွင့်အာဏာများ ပိုမိုလွှဲအပ်ထားကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ယခုအခါ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ အပြင်းအထန် နေမကောင်းဖြစ်နေပြီး သတိမေ့မြောနေကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေးဂျုံရဲ့ လက်ထောက်ဟောင်းဖြစ်သူ ချန်ဆောင်မင် (Chang So ng-min) က ပြောလာခဲ့ပါတယ်။
(ဩဂုတ် ၁၉ ရက် အလုပ်သမားပါတီ အစည်းအဝေးမှ ကင်မ်ဂျုံအန်) (Photo: KCNA)
"သူ ကိုမာဝင်နေတယ် (သတိမေ့မြောနေ) လို့ ကျွန်တော် သိထားပါတယ်၊ ဒါပေမဲ့ သူ ကွယ်လွန်သွားတာ မဟုတ်ပါဘူး" လို့ ချန်ဆောင်မင်က ဆိုပါတယ်။ ကင်မ်ဂျုံအန်ရဲ့ညီမ အသက် ၃၃ နှစ်အရွယ် ကင်မ်ယိုဂျုံအား နိုင်ငံကို ဦးဆောင်ရန် အသင့်ပြင်ဆင်ထားတယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။
"အလုံးစုံ နေရာဆက်ခံမှုမျိုး မလုပ်ထားရသေးပါဘူး၊ ခေါင်းဆောင်နေရာ လစ်လပ်နေတာမျိုး အချိန်ကြာရှည် မဖြစ်နိုင်တော့ ကင်မ်ယိုဂျုံကို လုပ်ပိုင်ခွင့်အာဏာပိုပေးပြီး ရှေ့ကိုပိုထွက်လာစေတာပါ" လို့ ချန်ဆောင်မင်က သုံးသပ်ခဲ့ပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေးတွေကလည်း ကင်မ်ယိုဂျုံဟာ မြောက်ကိုရီးယားကို လက်တွေ့အုပ်ချုပ်နေတဲ့ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပြီလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ထိုအခြေအနေအရ ကင်မ်ယိုဂျုံကို ကင်မ်ဂျုံအန်ရဲ့နေရာ ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ထားတယ်လို့ ယူဆရပါတယ်။
(ကင်မ်ယိုဂျုံ) (Photo: Reuters)
ကင်မ်ဂျုံအန်က လုပ်ပိုင်ခွင့်အာဏာများ လွှဲပြောင်းပေးမှုဟာ ၎င်းရဲ့ စိတ်ဖိစီးမှုကို လျှော့ချရန်နဲ့ မူဝါဒ မအောင်မြင်မှုအတွက် အပြစ်မကင်းမှုကို ရှောင်လွှဲရန် ဖြစ်တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာန National Intelligence Service (NIS) က လွှတ်တော်အမတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ တံခါးပိတ်အစည်းအဝေးအတွင်း ပြောခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးသတင်း
အသက် ၃၆ နှစ်အရွယ် ကင်မ်ဂျုံအန်ဟာ ယခုနှစ်အတွင်း လူအများမြင်ကွင်းမှာ ပုံမှန်ထက် မြင်တွေ့ရမှု နည်းပါးနေခဲ့ခြင်းနဲ့အတူ ၎င်းရဲ့ ကျန်းမာရေးအပေါ် ခန့်မှန်းမှုမျိုးစုံ ဧပြီလအတွင်းကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုစဥ်က TMZ, Mirro နဲ့ Taiwan News ကဲ့သို့ သတင်းဝက်ဘ်ဆိုက်အချို့ကတော့ ကင်မ်ဂျုံအန် ကွယ်လွန်သွားပြီ သို့မဟုတ် တုံ့ပြန်မှုမရှိတော့ဘဲ ဦးနှောက်သေသွားပြီလို့ နောက်ဆုံးရသတင်း ဖော်ပြမှုတွေပင် ရှိခဲ့ပါတယ်။
(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: Getty Images)
ထို့အတူ ကင်မ်ဂျုံအန်ဟာ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နေမကောင်းဖြစ်နေကြောင်း CNN သတင်းဌာနကလည်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဧပြီ ၂၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်ဂျုံအန်ကို ဧပြီ ၁၅ ရက်နေ့က ၎င်းရဲ့အဘိုးဖြစ်သူနဲ့ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားမှာ မမြင်တွေ့ခဲ့ရပြီးနောက် ထိုသို့ ခန့်မှန်းသတင်းများ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ကင်မ်ဂျုံအန်က ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့မှုနဲ့အတူ လူအများမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ကျန်းမာရေးကောင်းနေပုံရှိတာ တွေ့ခဲ့ရပါတယ်။
(ကင်မ်ဂျုံအန်နှင့် မြောက်ကိုရီးယားစစ်သားများ) (Photo: Getty Images)
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ၂၀၁၄ ခုနှစ်ကလည်း လူအများမြင်ကွင်းမှ သီတင်းခြောက်ပတ်နီးပါးကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် တုတ်ကောက်တစ်ချောင်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ထို့နောက် ရက်ပိုင်းအကြာမှာတော့ ကင်မ်ဂျုံအန် လူအများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဟာ ၎င်းရဲ့ ခြေကျင်းဝတ်မှ အကျိတ်တစ်ခုကို ခွဲစိတ်ဖယ်ရှားခဲ့တာကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးက ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
နောက်ဆက်တွဲသတင်းအရ ကင်မ်ဂျုံအန်ဟာ သတင်းတွေထွက်ပေါ်ခဲ့သလို မဟုတ်ဘဲ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း၊ COVID-19 ကူးစက်မှုနဲ့ နိုင်ငံကို ဦးတည်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ဘာဗီ (Typhoon Bavi) တို့နဲ့ ပတ်သက်ပြီး ကြိတင်ကာကွယ်မှုများ လုပ်ဆောင်ရန် အလုပ်သမားပါတီရဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ပြောခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA ဩဂုတ် ၂၅ ရက်နေ့မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နေရာကို ဘယ်သူဆက်ခံနိုင်မလဲ?