ကင်မ်ဂျုံအန် မည်သည့်နေရာမှာ ရောက်ရှိနေကြောင်းနဲ့ ၎င်းရဲ့ကျန်းမာရေးကို အတိအကျ သိရှိနိုင်ရန် ခက်ခဲနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်မ်ဂျုံအန် ဦးဆောင်နိုင်စွမ်း မရှိတော့ချိန်မှာ မည်သူ့ကို ဆက်ခံစေမယ်ဆိုတာ မည်သည့်အခါကမျှ ကြေညာထားခဲ့ခြင်း မရှိသေးပါဘူး။

ကင်မ်ဂျုံအန်ရဲ့မျိုးဆက်သစ် ကလေးတွေအကြောင်း အသေးစိတ်ကိုလည်း ကမ္ဘာက မသိထားကြပါဘူး။ လေ့လာသုံးသပ်သူတွေကတော့ ကင်မ်ဂျုံအန်ရဲ့ညီမနဲ့ သစ္စာခံသူတွေဟာ ကင်မ်ဂျုံအန်ကိုဆက်ခံမယ့် မျိုးဆက်သစ်တစ်ဦးက အာဏာလွှဲပြောင်းရယူရန် အရွယ်ရောက်လာချိန်အထိ မြောက်ကိုရီးယား ရင်ခွင်ပိုက်အစိုးရတစ်ရပ်ကို ဖော်ဆောင်သွားနိုင်ကြောင်း ပြောကြပါတယ်။



ကင်မ်ဂျုံအန်ကို ဧပြီ ၁၅ ရက်နေ့က ၎င်းရဲ့အဘိုးဖြစ်သူနဲ့ နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းမွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားမှာ မမြင်တွေ့ခဲ့ရပြီးနောက်ပိုင်း ခန့်မှန်းမှုမျိုးစုံ ထွက်ပေါ်လာခဲ့ပါတယ်။ ထို့နောက် ဧပြီ ၂၅ ရက်နေ့က မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အခမ်းအနားမှာလည်း ကင်မ်ဂျုံအန်ကို မတွေ့ခဲ့ပြန်ရာ ၎င်းရဲ့ကျန်းမာရေးအပေါ် ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး လူပြိန်းကြိုက် သတင်းဌာနအချို့က သေဆုံးသွားပြီ သို့မဟုတ် ဦးနှောက်သေသွားပြီလို့ပင် ဖော်ပြလာခဲ့ကြပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေကတော့ ကင်မ်ဂျုံအန်ဟာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နေမကောင်းဖြစ်နေကြောင်း သတင်းတွေကို ပယ်ချထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း ကင်မ်ဂျုံအန် အသည်းအသန် နေမကောင်းဖြစ်နေတဲ့ သတင်းတွေကို မမှန်ကန်ဘူးလို့ ထင်မြင်ကြောင်း ပြောခဲ့ပါတယ်။ ‌

ကင်မ်ဂျုံအန် မည်သည့်နေရာမှာ ရောက်ရှိနေကြောင်းနဲ့ ၎င်းရဲ့ ကျန်းမာရေးအခြေအနေကို အတိအကျ သိရှိနိုင်ရန် ခက်ခဲနေပါတယ်။ ထိုအတောအတွင်း ကင်မ်ဂျုံအန်က ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမှာ ခရီးသွားလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်နေသူများထံသို့ အထူးကျေးဇူးတင်ကြောင်း စာရေးသားပေးပို့ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းစာ Rodong Sinmun က ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဖြစ်စေ အသက် ၃၆ နှစ်အရွယ် တတိယမျိုးဆက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ အပြင်းအထန် နေမကောင်းဖြစ်ခြင်း သို့မဟုတ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်လာပါက ၎င်းရဲ့နေရာကိုဆက်ခံသူ မည်သူဖြစ်မလဲလို့ မေးခွန်းထုတ်နေကြပါတယ်။ ကင်မ်ဂျုံအန်ဟာ ၂၀၁၁ ခုနှစ်က ၎င်းရဲ့ဖခင် ကင်မ်ဂျုံအီလ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရထိပ်ပိုင်းနေရာ အပြောင်းအလဲတစ်ခုစီတိုင်းဟာ ခေါင်းဆောင်နေရာ လစ်လပ်မှုနဲ့ ကင်မ်မျိုးဆက်က သားစဥ်မြေးဆက်အုပ်ချုပ်မှု ပြိုလဲခြင်း အလားအလာကို မြင့်တက်စေခဲ့ပါတယ်။ ကင်မ်မိသားစုဟာ မြောက်ကိုရီးယားနိုင်ငံ စတင်တည်ထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်း အာဏာချုပ်ကိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကင်မ်မျိုးဆက်သုံးခု (ကင်မ်အီလ်ဆွန်း၊ ကင်မ်ဂျုံအီလ်၊ ကင်မ်ဂျုံအန်) လုံးက အာဏာကို အခိုင်အမာ ချုပ်ကိုင်ထားနိုင်ခဲ့ကြပါတယ်။ ကင်မ်ဂျုံအန်လက်ထက်မှာတော့ မြောက်ကိုရီးယားရဲ့ လက်နက်တိုက်မှာ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပိုများလာခဲ့ရာ ကင်မ်ဂျုံအန်အလွန်မှာ ထိုလက်နက်တွေကို မည်သူက ထိန်းချုပ်သွားမလဲဆိုတာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်း အတွင်းစည်းထဲမှာရှိနေပြီး အကူးအပြောင်း တစ်စုံတရာဖြစ်လာပါက အာဏာထိန်းချုပ်နိုင်သူတွေကို ကောက်နုတ်ဖော်ပြထားပါတယ်။

ကင်မ်ယိုဂျုံ

ကင်မ်ဂျုံအန်ရဲ့ ညီမငယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၎င်းရဲ့အနီးမှာ ပုံမှန်တွေ့နေခဲ့ရပါတယ်။ ကင်မ်ယိုဂျုံ (Kim Yo Jong)က အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ လက်ထောက်ဒါရိုက်တာအဖြစ် တရားဝင် တာဝန်ယူထားပါတယ်။ သူမက အကိုဖြစ်သူရဲ့ ဝန်ထမ်းအကြီးအကဲအဖြစ်လည်း တရားဝင် ရာထူးမယူထားပေမဲ့ စီမံဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ယခုလအတွင်းကလည်း ကင်မ်ယိုဂျုံဟာ အာဏာရ အလုပ်သမားပါတီရဲ့ ဩဇာကြီးမားတဲ့ ဗဟိုကော်မတီပေါ်လစ်ဗျူရိုအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ခေါင်းဆောင်ပိုင်းမှာ ရာထူးအဆင့်ဆင့် တိုးမြင့်လာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညီမက အသက် ၃၁ နှစ်အရွယ်လို့ ယုံကြည်ရပြီး အဓိကကျတဲ့ ပါတီလုပ်ငန်းတွေကို အခိုင်အမာ ထိန်းချုပ်ထားသူဖြစ်ပြီး ခေါင်းဆောင်ပိုင်းရဲ့နောက်ကွယ်မှ အဓိက ဩဇာရှိပုဂ္ဂိုလ်ဖြစ်လာရန် သူမကိုယ်တိုင် တည်ဆောက်နေသူပါ။

ပါတီမှ ဝါရင့်ပုဂ္ဂိုလ်များ

Choe Ryong Hae ဟာ ယမန်နှစ်အတွင်းက အမည်ခံ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားလွှတ်တော် Supreme People's Assembly ရဲ့ ဦးဆောင်အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ ကင်မ်မိသားစု အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက် ပါတီတာဝန်တွေကို ဆယ်စုနှစ်များကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကင်မ်ဂျုံအန်လက်ထက်မှာလည်း ဩဇာကြီးမားတဲ့ စစ်တပ်ရဲ့ နိုင်ငံရေးရာ အကြီးအကဲအဖြစ် တာဝန်ယူထားပါတယ်။ Choe Ryong Hae နဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သူ Pak Pong Ju တို့က မြောက်ကိုရီးယားကို ပိုမိုလွတ်လပ်တဲ့ဈေးကွက် ဖော်ဆောင်စေလိုပြီး စီးပွားရေးတိုးတက်စေလိုပါတယ်။

၎င်းတို့ဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းရဲ့ ပြယုဂ်တွေဖြစ်လာနိုင်ကြောင်း လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ ပါတီဒုတိယဥက္ကဌနဲ့ နျူကလီးယားရေး သံတမန်အဖွဲ့ခေါင်းဆောင်ဟောင်း Kim Yong Chol ကတော့ ကင်မ်မိသားစု အစဥ်အဆက်အုပ်ချုပ်မှုနဲ့ ဆက်စပ်ခြင်းမရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီး Ri Son Gwon က နျူကလီးယားဖျက်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုများ အပါအဝင် သံတမန်ရေးရာကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖွယ်ရှိပါတယ်။ Kim Yong Chol နဲ့ Ri Son Gwon တို့က ကင်မ်ဂျုံအန်ရဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေနွေးပွဲတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ 

ခပ်တန်းတန်းဖြစ်နေတဲ့ ညီအကိုတွေနဲ့ အဒေါ်ဖြစ်သူ

ကင်မ်ဂျုံချိုလ် (Kim Jong Chol) က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ အကိုကြီးတော်စပ်သူဖြစ်ပေမဲ့ နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းမှာ မပါဝင်ထားပါဘူး။ Kim Jong Chol က အေးအေးချမ်းချမ်းနဲ့ ဂီတအလုပ်တွေလုပ်နေသူလို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ်ဟောင်း Thae Yong Ho က ပြောပါတယ်။ Thae Yong Ho က တောင်ကိုရီးယားဘက်ကို ဘက်ပြောင်းခိုလှုံခဲ့သူ ဖြစ်ပါတယ်။

ကင်မ်ဂျုံအန်ရဲ့ အကိုဝမ်းကွဲ Kim Jong Chol က လူအများမြင်ကွင်း နေထိုင်လှုပ်ရှားရတဲ့ ဘဝကို စိတ်ဝင်စားသူမဟုတ်ဘူးလို့ ယုံကြည်ရပြီး အဓိကကျသူအဖြစ် ထွက်ပေါ်လာနိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။ သု့သော် လေ့လာဆန်းစစ်သူအချို့ကတော့ ၎င်းဟာ ကင်မ်ဂျုံအန်တို့မောင်နှမနဲ့ အဆက်အသွယ်ရှိပြီး အရေးပေါ်ကိစ္စတစ်ရပ်မှာ ပါဝင်လာပြီး အများမြင်ကွင်းရှေ့ကို ထွက်ပေါ်လာနိုင်တယ်လို့ ပြောကြပါတယ်။ ကင်မ်ဂျုံအန်ရဲ့ အဒေါ်ဖြစ်သူ Kim Kyong Hui ကတော့ သူမရဲ့အကို လက်ထက်က မြောက်ကိုရီးယားခေါင်းဆောင်ပိုင်း အတွင်းစည်းမှာ ဩဇာရှိသူတစ်ဦး ဖြစ်ခဲ့ပါတယ်။

သို့သော် တစ်ချိန်က မြောက်ကိုရီးယားရဲ့ နံပါတ်နှစ် ဩဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် သိထားကြဖူးတဲ့ သူမရဲ့ခင်ပွန်း Jang Song Thaek ကို ၂၀၁၃ ခုနှစ်အတွင်း ကင်မ်ဂျုံအန်က ကွပ်မျက်လိုက်ပြီးနောက်ပိုင်း Kim Kyong Hui ကို အများမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပါတယ်။ Kim Kyong Hui ဟာ ကာလရှည်ကြာ နေမကောင်းဖြစ်နေခဲ့ပေမဲ့ ယခုနှစ်အစောပိုင်းမှာတော့ တူဖြစ်သူ ကင်မ်ဂျုံအန်နဲ့အတူ ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

စတုတ္တမျိုးဆက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဇနီးဖြစ်သူ Ri Sol Ju နဲ့ ကလေးသုံးဦးရှိတယ်လို့ ယုံကြည်ရပြီး အငယ်ဆုံး ကလေးဟာ ၂၀၁၇ ခုနှစ်အတွင်း မွေးဖွားခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး (National Intelligence Service) က ပြောပါတယ်။ ကင်မ်ဂျုံအန်ရဲ့ အကြီးဆုံးကလေးက ယောက်ျားလေးဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်ရှိပြီလို့ ဆိုပါတယ်။

ကင်မ်ဂျုံအန်ရဲ့ ကလေးသုံးဦးလုံးဟာ အရွယ်မရောက်သေးသူတွေ ဖြစ်တာကြောင့် အကယ်၍ ၎င်းတို့ဟာ စတုတ္တမျိုးဆက် မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာပါက ဆွေမျိုးများ သို့မဟုတ် နိုင်ငံရေးအရ စောင့်ရှောက်အုပ်ထိန်းသူများရဲ့ အကူအညီလိုအပ်မှာ ဖြစ်ပါတယ်။ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီက နိုင်ငံကိုဦးဆောင်ရန် နှစ် ၂၀ အချိန်ရခဲ့ပါတယ်။

ကင်မ်ဂျုံအန်ကတော့ ဖခင်ဖြစ်သူ နှလုံးရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ နိုင်ငံကိုဦးဆောင်ရန် တစ်နှစ်ကျော်မျှသာ ပြင်ဆင်ချိန်ရခဲ့တာ ဖြစ်ပါတယ်။ "ကင်မ်ယိုဂျုံကတော့ ခေါင်းဆောင်နေရာကို ရယူဖွယ်မရှိပါဘူး၊ ဒါပေမဲ့ ကလေးတွေ အရွယ်ရောက်ကြီးပြင်းလာချိန်အထိ ယာယီအစိုးရတစ်ရပ်ဖွဲ့စည်းရာမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ကူညီနိုင်ပါတယ်၊ ကင်မ်ဂျုံချိုလ်က ကူညီဖို့အတွက် ခဏတဖြုတ် ပေါ်လာနိုင်ပါတယ်" လို့ ဆိုးလ်မြို့ရှိ Asian Institute for Policy Studies မှ သုတေသီ Go Myong-hyun က ပြောပါတယ်။

Source: Reuters, Photo: Reuters, KCNA, AFP, Getty Images

Share

Loading Next Article...
က္က