1MDB အဖွဲ့အစည်းမှ ငွေပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ပျောက်ဆုံးမှုနဲ့ ဆက်စပ်နေပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ကို ငွေကြေးခဝါချမှုသုံးခုဖြင့် ယနေ့ (သြဂုတ် ၈ ရက်) စွဲချက်တင်လိုက်ပါတယ်။ နဂျစ်ကို ယခုစွဲချက်တင်မှုဟာ ၎င်းလက်ထက်က အစိုးရပိုင် 1Malaysia Development Berhad (1MDB) အဖွဲ့အစည်းမှ ငွေပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ပျောက်ဆုံးမှုနဲ့ ဆက်စပ်နေပါတယ်။

(တရားရုံးကိုရောက်ရှိလာသည့် နဂျစ်) (Photo: AFP)

နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ နဂျစ်ကို ၎င်းအားစွဲချက်တင်တဲ့ ကွာလာလမ်ပူ အထက်တရားရုံးသို့ ရောက်ရှိလာတာတွေ့ရပါတယ်။ ၎င်းက စွဲချက်များနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးမှာ လျှောက်လှဲခဲ့ပြီး အာမခံရခဲ့ကြောင်း သိရပါတယ်။ အသက် ၆၅ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းမှာလည်း ယုံကြည်မှုဖောက်ဖျက်တဲ့ ရာဇဝတ်မှုသုံးခုနဲ့ အာဏာအလွဲသုံးစားပြုမှုတို့ဖြင့် စွဲချက်တင်ထားခဲ့ပါတယ်။ ၎င်းက အဆိုပါ စွဲချက်တွေအတွက်လည်း အပြစ်မရှိကြောင်း လျှောက်လှဲထားခဲ့ပါတယ်။



(နဂျစ်နဲ့ဆက်နွယ်တဲ့ နေရာများမှ သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ) (Photo: CNA)

ယနေ့ စွဲချက်တင်လိုက်တဲ့ ငွေကြေးခဝါချမှုဟာ 1MDB ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ခဲ့တဲ့ SRC International မှ နဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်သို့ မလေးရှားရင်းဂစ်ငွေ ၄၂ သန်း (အမေရိကန်ဒေါ်လာ ၁၀.၃ သန်း) လွှဲပြောင်းမှုတွေနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို စွဲချက်တင်ထားတဲ့ ငွေကြေးခဝါချမှုတွေဟာ ထောင်ဒဏ် ၁၅ နှစ်အထိနဲ့ တရားမဝင် ငွေလွှဲပြောင်းမှုတစ်ခုအတွက် မလေးရှားရင်းဂစ်ငွေ ၅ သန်း ဒဏ်ငွေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ အစောပိုင်းမှာ နဂျစ်ကို စွဲချက်တင်ထားခဲ့တဲ့ ယုံကြည်မှုဖောက်ဖျက်တဲ့ ရာဇဝတ်မှုနဲ့ အာဏာ အလွဲသုံးစားမှုတွေကတော့ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံရနိုင်ပါတယ်။

(မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်) (Photo: CGTN)

နဂျစ်က ယနေ့ စွဲချက်တင်ခဲ့တဲ့ ကွာလာလမ်ပူတရားရုံးသို့ ၎င်းရဲ့သားသမီးတွေနဲ့အတူ မော်တော်ယာဉ်လေးစီးပါ ယာဉ်တန်းဖြင့်ရောက်ရှိလာခဲ့ပါတယ်။ တရားရုံးမှာ စွဲချက်တင်မှုနဲ့ ကြားနာမှုပြီးနောက် နဂျစ်က မီဒီယာတွေကို တစ်စုံတရာ ပြောကြားခဲ့ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ အဂတိလိုက်စားကြောင်း စွပ်စွဲမှုတွေနဲ့ ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရပြီး အစိုးရပိုင် 1MDB ဘဏ္ဍာငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို ရယူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

(မလေးရှားဝန်ကြီးချုပ် မဟာသီယာ) (Photo: Reuters)

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က နဂျစ် တည်ထောင်ခဲ့တဲ့ 1MDB ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပျောက်ဆုံးနေမှုကိုလည်း စင်ကာပူ၊ အမေရိကန်နဲ့ ဆစ်ဇွာလန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်ခုမှာ စုံစမ်းစစ်ဆေးနေပါတယ်။1MDB အရှုပ်အထွေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအရ နဂျစ်ရဲ့နေအိမ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ နေရာတွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး ငွေများနဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

သိမ်းဆည်းခဲ့တဲ့ ငွေနဲ့အဖိုးတန်ပစ္စည်းများရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၇၃ သန်းရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နဂျစ်ဟာ မေလ ၉ ရက် မလေးရှား အထွေထွေရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့သူနဲ့ ယခုရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာသူ မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က