အိပ်မက်ဆိုးကြီးတစ်ခုပါပဲလို့ ကာက ပြောပါတယ်။

Avatar ပုံပွားနဲ့ Meta ရဲ့ ပုံရိပ်ယောင် Metaverse ဂိမ်းတစ်ခုထဲမှာ ထိတ်လန့်စရာဖြစ်ရပ်တစ်ခုနဲ့ ကြုံခဲ့ရတယ်လို့ အမျိုးသမီးတစ်ဦးက ဖော်ထုတ်ပြောဆိုလိုက်ပါတယ်။ 

ယူကေက နီနာဂျိန်း ပါတဲလ်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ Facebook လို့ အရင်က လူသိများကြတဲ့ Meta ထဲက Horizon Worlds ဆိုတဲ့ VR Game ထဲမှာ ကစားရင်းနဲ့ အုပ်စုလိုက် အဓမ္မပြုကျင့်တာနဲ့ ကြုံခဲ့ရတယ်ဆိုပြီး Medium မှာ ပို့စ်တင်ခဲ့တာပါ။ 



Photo: ladbible


"ဂိမ်းထဲရောက်ပြီး စက္ကန့် ၆၀ လောက်အတွင်းမှာပဲ ယောင်္ကျားလေးအသံနဲ့ ယောင်္ကျားပုံ avatar ၃-၄ ခုက ကျွန်မကို အသံနဲ့ရော လိင်ပိုင်းအရပါ စော်ကားမှု လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပုံရိပ်ယောင်ဖြစ်နေလို့ ကျွန်မရဲ့ Avatar ပုံကိုပဲ အဖွဲ့လိုက် Rape လုပ်ခဲ့တာပါ။" လို့ ဒီဇင်ဘာလထဲမှာ သူမက ရေးခဲ့ပါတယ်။ 

သူမကို ဂိမ်းထဲမှာ အဓမ္မလုပ်ခဲ့တဲ့ အမျိုးသားပုံ avatar တွေထဲက တစ်ဦးက သူမကို ဓါတ်ပုံတွေ ရိုက်ပြီး "မင်း သဘောမကျဘူးလို့ ဟန်ဆောင်မနေပါနဲ့" ဆိုတဲ့ မက်ဆေ့လိုမျိုး စာသားတွေ လှမ်းပို့ခဲ့တယ်လို့ ဆိုပါတယ်။ "ဖြစ်သွားတာ မြန်လွန်းတဲ့ ကြောက်စရာအတွေ့အကြုံပါ။ ဘေးကင်းရအောင် ဘယ်လိုလုပ်ရမလဲ တွေးတောင် မတွေးခင် ဖြစ်သွားတာပါ။ ကျွန်မဖြင့် ကြက်သေကို သေသွားတာပဲ။ တကယ့်ကို မယုံနိုင်စရာပါ။ အိပ်မက်ဆိုးကြီးတစ်ခုပါပဲ" လို့ သူမက ပြောပါတယ်။

Daily Mail ကို ပြောကြားရာမှာ ဒီလို ဖြစ်ပျက်ပြီးနောက်မှာ နားကြပ်ကို အမြန်ချွတ်ပစ်လိုက်ရပြီး အဲ့ကတည်းက စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြစိတ်တွေ ဝင်နေခဲ့တယ်လို့ ဆိုပါတယ်။ နီနာဟာ လန်ဒန်အခြေစိုက် Kabuni Ventures လို့ ခေါ်တဲ့ Metaverse Research ကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်ပြီး ကလေးတစ်ယောက်အမေလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ပေါ် Meta ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက စိတ်မကောင်းကြောင်းနဲ့ အခုလို အခြေအနေမျိုးအတွက် Safety Tools တွေ အလွယ်တကူရှာနိုင်အောင် လုပ်ထားကြောင်း ပြောပါတယ်။ 

Horizon Worlds ဟာ အသက် ၁၈ နှစ်နဲ့ အထက် အမေရိကန်နဲ့ ကနေဒါနိုင်ငံသားတွေ ကစားနိုင်အောင် Meta က ဖြန့်ချိထားတဲ့ VR Game ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ကမှ မိတ်ဆက်ထားတာပါ။ ဒီအရင်တစ်နှစ်လောက်က Invite-Only သီးသန့်နဲ့ပဲ beta test အဖြစ် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ပုံရိပ်ယောင်ကမ္ဘာတွေ ထောင်နဲ့ချီ ပါဝင်ပြီး သုံးစွဲသူတိုင်း အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်အောင် လုပ်ထားတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က