အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းသူပါ။

ကမ္ဘာနှစ်ထပ် ရုပ်ရှင်ကားမှာ နိုင်းနိုင်းရဲ့သမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေသတိထားမိတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က အနုပညာဝါသနာ အပြည့်ပါသူလေးဖြစ်ပါတယ်။ အနုပညာလောကမှာ သူ လိုချင်တဲ့နေရာလေးကို ပြောလာချိန်မှာတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။

(ရန်ကုန်မြို့ Junction City မှာပြုလုပ်တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကား စာနယ်ဇင်းမိတ်ဆက်ပွဲမှာတွေ့ရတဲ့ ဒါရိုက်တာ သားညီနဲ့ ပြည့်ပြည့်)

ကလေးသရုပ်ဆောင် ပြည့်ပြည့်က ဒီဇင်ဘာလ ၁၉ ရက်က သူ ပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကား စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်လာစဉ်မှာ "သမီးကြီးလာရင် ဘာလုပ်မှာလဲ" လို့ မေးလာတဲ့ မီဒီယာတွေရဲ့ မေးခွန်းကို တလေးတနက်နဲ့ သွက်သွက်လက်လက် ဖြေကြားခဲ့ပါတယ်။

"ကြီးလာလို့ရှိရင် ကာရိုက်တာအစုံပဲ လုပ်ချင်တယ်။ မင်းသမီးအခန်းချည်းပဲလည်း မလုပ်ချင်ဘူး။ဘေးနားက မင်းသမီးသူငယ်ချင်းတို့၊ ဝိုင်းပြီး လုပ်ပေးတဲ့အခန်းတို့ လုပ်ချင်ပါတယ်။ သရုပ်ဆောင်ပေါ့" လို့ ပြည့်ပြည့်လေးက ဖြေခဲ့တာပါ။

ကလေးသရုပ်ဆောင်အနေနဲ့ အကယ်ဒမီ မလိုချင်ဘူးလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေပုံလေးကလည်း စကားတတ်ရုံမက သိတတ်နားလည်လွန်းတာ ထင်ရှားပါတယ်။ "လိုတော့လိုချင်တယ်။ ဒါပေမဲ့ သရုပ်ဆောင်ကောင်းမှပဲ ရမှာဆိုတော့ သရုပ်ဆောင်ကောင်းအောင် လုပ်မယ်" လို့သမီးလေး ပြည့်ပြည့်လေး ဆိုပါတယ်။

(ရန်ကုန်မြို့ Junction City မှာပြုလုပ်တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကား စာနယ်ဇင်းမိတ်ဆက်ပွဲမှာတွေ့ရတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ ပြည့်သုတနိုင်)

ပြည့်ပြည့်လေးပါဝင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကားက မကြာခင်မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ "ဒီကားထဲမှာ သမီးက ဦးနိုင်း (နိုင်းနိုင်း) နဲ့ မကစ် (ဝတ်မှုံရွှေရည်) ရဲ့သမီး လုပ်ရတာပါရှင့်" လို့ ပါဝင်ရမယ့် ကာရိုက်တာအကြောင်းပြောရင်း ဇာတ်ကားအမှတ်တရလေးတွေကိုလည်း ပြောပြခဲ့ပါတယ်။

"မကစ်နဲ့ သမီးနဲ့ ရိုက်တဲ့အခန်းမှာ မကစ်သရဲဝင်ပူးတဲ့အခန်း သရဲခြောက်တဲ့အခန်းမှာ သမီး မကစ်သရုပ်ဆောင်တာကို တကယ်ကြောက်သွားတယ်။ မကစ်နဲ့တောင် မရိုက်တော့ဘူးလို့၊ သမီးကြောက်တယ် မရိုက်ချင်ဘူးလို့ အဲဒီလိုမျိုးတောင် ပြောပါတယ်ရှင့်" လို့ ပြည့်ပြည်က ဆိုပါတယ်။

နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင်ထားပြီး ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ တုံတုံတို့လည်း ပါဝင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကားကို ၂၀၁၉ ခုနှစ်ဆန်းမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမှာ ဖြစ်ပါတယ်။



Share

Loading Next Article...
က္က