ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ လီဗာပူးအသင်းကို အနိုင်ယူပြီး အသင်းအတွက် နိုင်ပွဲပြန်လည်ရယူပေးလိုနေပြီး အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းကို အကူအညီပေးလိုနေတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ညက အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းထက် ၁ ပွဲလျော့နဲ့ ၂ မှတ်အကွာကနေ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီဟာ မန်ချက်စတာစီးတီးအသင်းကို ၃ နှစ်ကြာ နည်းပြခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ပယ်လီဂရီနီက လီဗာပူးအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဝက်စ်ဟမ်းအသင်းအတွက် ပထမဆုံးပျော်ရွှင်မိမှာဖြစ်ပြီး ဒုတိယအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို အကူအညီဖြစ်စေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“တကယ်လို့ ကျွန်တော်တို့ အနိုင်ရရှိခဲ့မယ်ဆိုရင် ပထမဆုံး ကျွန်တော်တို့အသင်းအတွက် ပျော်ရွှင်မိမှာပါ”
“အမှတ်ပေးဇယားဦးဆောင်နေတဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ လိုအပ်ပါတယ်”
“အဲဒါပြီးရင်တော့ မန်ချက်စတာစီးတီးအသင်းကို ကျွန်တော်တို့ တစ်ဖက်တလမ်းကနေ အကူအညီပေးနိုင်မှာပါ။ အဲဒါက ကျွန်တော်တို့ရဲ့ပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က မန်ချက်စတာစီးတီးအသင်းပရိသတ်လည်း ဖြစ်နေလို့ပါ”လို့ လီဗာပူးအသင်းနဲ့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။