မေသန်းနုကတော့ မိုးအောင်ရင်တစ်ယောက် အနုပညာအလုပ်တွေ ပြန်လုပ်မယ်ဆိုရင် ကြိုဆိုတယ်လို့ ပြောပါတယ်။
မေသန်းနုက မိုးအောင်ရင် သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်က သူမနဲ့ တွေ့ဆုံမှု အမှတ်တရတွေကိုလည်း ပြောပြလာပါတယ်။ အဆိုတော် အောင်ရင်ကလည်း သားဖြစ်သူကို သရုပ်ဆောင်တစ်ယောက် အရမ်းဖြစ်စေချင်ခဲ့တာလို့လည်း မီဒီယာတွေကနေ ပြောပြလာပါတယ်။
‘’သူ့အဖေက သူ့သားကို အနုပညာလောကထဲကို ဝင်စေချင်တယ်။ မဆင့်က သူ့အဖေနဲ့ ပွဲတွေမှာ မကြာခဏ ဆုံဖြစ်တယ်လေ။ မဆင့်ရယ် လုပ်ပါဦး သူ့ကို ကုမ္ပဏီတစ်ခုက လာချုပ်နေတယ်ဆိုတော့ မဆင့်က မချုပ်နဲ့ဦး ကုမ္ပဏီရဲ့ နောက်ခံ Background ကို ကြည့်ရတယ်လို့ ကျွန်မလည်းကူညီပေးမယ်ပေါ့။ ဘာလို့ဆို ကလေးက ချောတာကိုး။ မဆင့်တို့ လပ်ကီးဆဲဗင်းက ကားပေါ့နော် မိသားစုကားရိုက်တော့ မမို့နဲ့ မဆင့်တို့ စကားပြောဖြစ်ကြတယ်။ မဆင့်က ကိုအောင်ရင်ရဲ့သားလေးတစ်ယောက်ရှိတယ်။ ခေါ်ပေးမယ် ဆိုတော့ မမိုးနဲ့ မိုးအောင်ရင်နဲ့လာတယ်။ အဲဒီမှာ မဆင့်က မမို့ကို အပ်ပေး၊ မမို့က ကုမ္ပဏီကို အပ်ပေးလိုက်တော့ မိုးအောင်ရင်ဖြစ်သွားတာပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Moe Aung Yin
အဲဒီနောက် မိဘအပေါ် အရမ်းသိတတ်လွန်းပြီး လိမ္မာရေးခြားရှိတဲ့ မိုးအောင်ရင် အကြောင်းကိုလည်း မေသန်းနုက ပြောပြခဲ့ပြန်ပါတယ်။
‘’ဒီကလေးဟာ အရမ်းသနားဖို့ကောင်းတယ်။ မိဘတွေ အဝေးတစ်နေရာ ရောက်တဲ့အချိန်မှာ သူ့တစ်ယောက်တည်း ရပ်တည်ရတာ။ မိသားစုကိုလည်း ထောက်ပံ့တာ ပါတာပေါ့နော်။ ရှုတင်မှာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်တဲ့ကလေးက အိမ်ပြန်သွားရင် သူတစ်ယောက်တည်း အထီးကျန်မှာပဲ။ အဲဒီတော့ အပေါင်းအသင်းတွေနဲ့ တွဲနေတာတွေလည်း ပါရင်ပါမှာပေါ့နော်’’ ဆိုပြီးတော့ မေလ ၇ ရက်နေ့က ‘’ဟစ်တိုင်’’ ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
မိုးအောင်ရင်တစ်ယောက် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်မယ်ဆိုပါကလည်း အမြဲတမ်း ကြိုဆိုနေတယ်လို့ မေသန်းနုက ဆိုပါတယ်။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
‘’ဒီအလုပ်ကိုတော့ သူလုပ်မှာပါ။ အားလုံးကလည်း သူ့ကို ကြိုဆိုမှာပဲလေ။ သူ့ကိုလည်း ထွေထွေထူးထူး ဆုံးမစရာ မလိုတော့ဘူးထင်တယ်။ ဘယ်သူမဆို အမှားနဲ့ မကင်းဘူးပေါ့။ အခုလက်ရှိအခြေအနေမှာ အလုပ်လုပ်မယ်ဆိုရင် အရင်ကထက် ပိုပြီး ကြိုးစားဖို့ လိုတာပေါ့နော်။ မဆင့်ကတော့ အဲဒီလိုလေးပဲ အားပေးချင်ပါတယ်’’ လို့ ဆိုပါတယ်။
Photo: Aung Yin
သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။
မေသန်းနုဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။