တကယ်လို့ဖုန်းကြော်ငြာဗွီဒီယိုတွေမှာ ပါတဲ့ ကင်မရာနမူနာရိုက်ချက်တွေကို အမှန်တွေပဲလို့ထင်ရင် မှားသွားပါလိမ့်မယ် ။
ဒီနေ့အချိန် စမတ်ဖုန်းတွေရဲ့ ကင်မရာလုပ်ဆောင်ချက်ဟာ လေးစားလောက်တဲ့ အခြေအနေကို ရောက်ခဲ့ပြီးဆိုပေမယ့် ဘယ်ဖုန်းမှာမှ DSLR အပြည့် ရိုက်ကူးနိုင်ခြင်း မရှိသေးပါဘူး။ Huawei ကတော့ Nova 3 ကင်မရာရုပ်ထွက် ဘယ်လောက် ကောင်းကြောင်း ပြသဖို့ ဗွီဒီယိုကြော်ငြာမှာ DSLR ကင်မရာနဲ့ရိုက်သွားပါတယ်။
အဆိုးဆုံးက Nova 3 နဲ့ ဆယ်လ်ဖီကင်မရာဆွဲပြတဲ့အချိန်မှာ Nova 3 နဲ့Nova 3i တို့ရဲ့ ကင်မရာကို မသုံးဘဲ တကယ့် DSLR ကင်မရာအစစ်နဲ့ရိုက်ပြီး လှည့်စားထားတာပါပဲ။ စီးပွားရေးကြော်ငြာဖြစ်တဲ့အတိုင်း ကြော်ငြာမှာပါတဲ့ ထုတ်ကုန်ဟာ အပြီးပြည့်စုံဆုံး ထုတ်ကုန်ဖြစ်အောင် လုပ်ထားတာတွေ ရှိနေပါတယ်။
ဒီရိုက်ကွင်းရဲ့ နောက်ကွယ်က တကယ့်အဖြစ်ကို ဒီကြော်ငြာဗွီဒီယိုမှာ ဝင်ရောက်သရုပ်ဆောင်ထားတဲ့ ဆာရာအလက်ချမီက ဓါတ်ပုံရိုက်ပြီး သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ သူမရဲ့ ပုံမှာတော့ သရုပ်ဆောင်မင်းသားက ဖုန်းကို ကိုင်ထားချိန်မှာ ဘေးကနေ DSLR ရတဲ့ ပရိုကင်မရာသမားတစ်ယောက်ကနေ ရိုက်ပေးနေတာ တွေ့ရမှာပါ။
Instagram မှာဒီပုံ ပျံ့နှံ့သွားပြီးနောက် သူမဟာ ချက်ချင်းဆိုသလို ဒီပုံကို ဖျက်ခဲ့ပေမယ့် လူမှုကွန်ရက်သုံးသူများအကြားမှာတော့ သက်သေကျန်နေခဲ့ပါတယ်။ Huawei ကတော့ ဒါဟာ Nova 3 နဲ့ရိုက်ထားတဲ့ ကြော်ငြာဖြစ်တယ်လို့မပြောခဲ့ဘူးလို့ ချေဖျက်ထားပါတယ်။
Huawei ဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း Ascend P8 နဲ့P8 Max တို့ရဲ့ ဈေးကွက်မြှင့်တင်ရေး ပုံတွေမှာ ဘေးဘောင်ပါးသယောင် photoshop နဲ့ပြင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Huawei P9 ကင်မရာမှာတုန်းကလည်း ဒေါ်လာ ၄၅၀၀ တန် Canon EOS 5D Mark III ကင်မရာသုံးပြီး ကြော်ငြာခဲ့ဖူးပါတယ်။