ပိုင်ရှင်သစ်လက်ထဲက နယူးကာဆယ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘောလုံးစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူက သုံးသပ်ခဲ့တာပါ။

ဘောလုံးစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက နယူးကာဆယ်အနေနဲ့ လာမယ့် (၁၀) နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။



နယူးကာဆယ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ဦးဆောင်တဲ့ Public Investment Fund (PIF) က ဝယ်ယူခဲ့ပြီးနောက် ဒီအသင်းရဲ့ ပြင်ဆင်အားဖြည့်မှုတွေကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေပါပြီ။

နယူးကာဆယ်ကို ဝယ်ယူရေးမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အသင်းရဲ့ဒါရိုက်တာ အမန်ဒါစတဗ်လေကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့အထိ အသင်းကိုအားဖြည့်သွားမယ်လို့ ဆိုထားပါတယ်။ အဲ့ဒါကြောင့်လည်း တွမ်ဘာဆန်လို့အမည်ရတဲ့ ဘောလုံးစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သူ့အမြင်ကို အခုလိုပဲ ပြောပြလာခဲ့တာပါ။

တွမ်ဘာဆန်က “ကောင်းပါပြီ။ ဒီအရာ (နယူးကာဆယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့) က သိပ်တော့ မလွယ်ဘူးပေါ့။ နောက်ပိုင်းနှစ်တွေမှာ ငွေကြေးအများအပြား သုံးစွဲပြီး ထိပ်သီး (၄) သင်းစာရင်းတောင် မဝင်ခဲ့တဲ့ အသင်းပေါင်းများစွာကို ကျွန်တော်တို့ မြင်ခဲ့ဖူးပါတယ်”

“ဥပမာပေးရရင် အဲဗာတန်ပေါ့။ အောင်မြင်ဖို့အတွက် ပိုက်ဆံက ဘာအာမခံချက်မှမပေးနိုင်ပါဘူး။ မန်စီးတီးနဲ့ ချဲလ်ဆီးတို့က ချမ်းသာတဲ့အသင်းတွေဖြစ်နေပြီဆိုပေမယ့် သူတို့အသင်းတွင်းမှာ အခြေခံအဆောက်အအုံ ကောင်းကောင်းဆောက်လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်”

“နယူးကာဆယ်အနေနဲ့ လိုအပ်တဲ့အရာတွေကို စနစ်တကျ ဖြည့်ဆည်းတည်ဆောက်သွားမယ်ဆိုရင်တော့ (၁၀) နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးဖို့က ဖြစ်နိုင်ပါတယ်” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေလက်ထက်မှာ နောက်ဆုံး (၃) နှစ်အတွင်း အပေါင်းလက္ခဏာဆောင်တဲ့ ဘဏ္ဍာရေးအခြေအနေကို ပြသနိုင်ခဲ့တဲ့အသင်းပါ။

အဲ့ဒါကြောင့်လည်း လာမယ့်ဆောင်းရာသီမှာတင် ပြောင်းရွှေ့ကြေးပေါင်သန်း (၂၀၀) ကို အသားတင် အသုံးပြုပြီး နာမည်ကျော်အင်အားဖြည့်တင်းမှုတွေနဲ့ နည်းပြအပြောင်းအလဲတွေကို ပြုလုပ်နိုင်လိမ့်မယ်လို့ အားလုံးကခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် ဘင်ဆာလ်မန်ဟာ နယူးကာဆယ်ကိုဝယ်ယူပြီးတဲ့နောက် စီးရီးအေက နာမည်ကြီး အင်တာမီလန်ကိုပါ တစ်ပါတည်းဝယ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ အင်တာမီလန်ရဲ့လက်ရှိပိုင်ရှင်ကလည်း ယူရို (၁) ဘီလီယံသာရခဲ့ရင် အသင်းကို ဘင်ဆာလ်မန်ဆီ ရောင်းချသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သိရှိရပါတယ်။ 

Share

က္က