အခုလို COVID အကြပ်အတည်းကာလမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုရရှိဖို့ အခက်တွေ့နေတဲ့သူတွေအတွက် ကိုက်ညီတဲ့အလုပ်တစ်ခုရဖို့ ဘယ်လိုနည်းလမ်းတွေ အသုံးပြုရမလဲ၊ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
ကိုယ်က အလုပ်အကိုင်အတည်တကျရှိခဲ့ပေမယ့် ဒီလိုအကြပ်အတည်းကာလမှာ အကြောင်းကြောင်းကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေ အများအပြားပါ။ COVID ကာလ ပထမလှိုင်းအတွင်းမှာကို အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဦးရေဟာ ဇွန်လအထိ နှစ်သိန်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။အခုဆိုရင် ဒုတိယလှိုင်းဖြစ်လာတဲ့အခါမှာ အကြပ်အတည်းတွေ ပိုမိုကြုံတွေ့လာရပါတယ်။ သင်ဟာ အလုပ်ပြန်ရှာဖို့ လိုအပ်နေပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကိုသာ လုပ်ချင်သူဆိုရင် အခုပြောပြမယ့်အချက်တွေက အထောက်အကူအများကြီး ပေးနိုင်မှာပါ။
၁။ စိတ်ဓာတ်မကျပါနဲ့
အခုအချိန်ဟာ ကုမ္ပဏီတော်တော်များများက လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် အားထုတ်နေတဲ့အချိန်ကာလဖြစ်နေတာကြောင့် ကုမ္ပဏီတိုင်းလိုလို ရုန်းကန်နေကြရပါတယ်။ အလုပ် လုံးဝမခန့်တော့တဲ့ အနေအထားမဟုတ်ဘဲ လိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလို ခန့်ထားနေဆဲ ဖြစ်တာကြောင့် ပထမဆုံးအချက်အနေနဲ့ အလုပ်မရနိုင်တော့ဘူးလားဆိုပြီး စိတ်ဓာတ်မကျဖို့လိုပါတယ်။ အဲဒါမှ အခုထပ်ပြောမယ့် အဆင့်တွေကို လုပ်ဆောင်နိုင်မှာပါ။
၂။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပါ
ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုရဖို့ဆိုတဲ့နေရာမှာ အရင်လုပ်ခဲ့တဲ့အလုပ်နဲ့ တစ်ပုံစံတည်း တူညီတဲ့အလုပ်မျိုးကိုတော့ ရဖို့ မလွယ်ပါဘူး။ ဒီနေရာမှာ ကိုယ်က ဘာတွေကို လုပ်တတ်သလဲ၊ ဘာတွေလုပ်နိင်သလဲ ဆိုတာကို ကွဲကွဲပြားပြား သိရဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘယ်နေရာတွေမှာ ကျွမ်းကျင်သူလဲဆိုတာကို သုံးသပ်ပြီး ကိုယ်ဟာ ဘယ်လိုနေရာ၊ ဘယ်လိုအလုပ်နဲ့ ကိုက်ညီတဲ့သူဖြစ်တယ်ဆိုတာကို အရင်ဆုံး သေသေချာချာ သုံးသပ်ရမှာပါ။
၃-စိန်ခေါ်မှုအသစ်တွေ စတင်ရှာဖွေပါ
ကိုယ်နဲ့ ကိုက်ညီတာ ဘယ်လိုအလုပ်တွေဆိုတာ သိသွားပြီးတဲ့နောက်မှာတော့ အဲဒီ အလုပ်နေရာတွေကို ဘယ်ကနေ ခေါ်နေသလဲဆိုတာကို အမြဲမပြတ်လေ့လာနေပါ။ ကိုယ် အရင်က လုပ်ခဲ့တဲ့ Industry က အခုလို COVID ကာလမှာ ဆက်မသွားနိုင်သေးတဲ့ Industry မျိုးဖြစ်နေတယ် ဒါမှမဟုတ် အရင်လုပ်နေကျ Field ထဲက မဟုတ်ဘဲ တခြားနယ်ပယ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်လိုတယ်ဆိုရင်လည်း ဒီအချိန်က အချိန်ကောင်းဖြစ်ပါတယ်။ နံပါတ်(၂) က ပြောထားတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီးပြီဆိုရင်တော့ ကိုယ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ အလုပ်ဖြစ်ပေမယ့်လည်း ကိုယ်နဲ့ ကိုက်ညီတယ်လို့ ယူဆရတဲ့ အလုပ်တွေကို လျှောက်ထားလို့ရပါတယ်။
ကိုယ်က ဘယ်နေရာတွေမှာ ကျွမ်းကျင်သူလဲဆိုတာကို သုံးသပ်ပြီး ကိုယ်ဟာ ဘယ်လိုနေရာ၊ ဘယ်လိုအလုပ်နဲ့ ကိုက်ညီတဲ့သူဖြစ်တယ်ဆိုတာကို အရင် သေသေချာချာ သိဖို့ လိုပါတယ်။
၄။ Communication Platform တွေကို ကျင်လည်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားပါ
ဘယ်လိုရာထူးမျိုး၊ ဘယ်လိုအလုပ်နေရာမျိုးကို လျှောက်ထားမယ့်သူဖြစ်ပါစေ၊ ဒီကာလမှာတော့ အင်တာနက်ကနေ ဆက်သွယ်ပြောဆိုနိုင်တဲ့ နည်းလမ်းတွေကို သေချာလေ့လာထားရပါမယ်။ ဒီကာလမှာ Work From Home လုပ်ရမှာ များတာဖြစ်တဲ့အပြင် ကိုယ့်ကို အင်တာဗျူးခေါ်ဆိုမှုမျိုးမှာလည်း အွန်လိုင်းကနေ မေးမြန်းတာမျိုး ပိုဖြစ်နိုင်တဲ့အတွက် Skype, Meet, Zoom , Slack စတဲ့ Communication Platform တွေကို ကျင်လည်စွာ အသုံးပြုတတ်အောင် လေ့လာထားဖို့ လိုအပ်ပါတယ်။
၅။ အွန်လိုင်းမှာ အမြဲနားစွင့်နေပါ
ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ဟာ ဘာလဲဆိုတာကို ကိုယ်တိုင် သေချာသိနားလည်သွားပြီဆိုရင်တော့ ကိုယ်လျှောက်ထားမယ့် အလုပ်နေရာတွေကို အွန်လိုင်းပေါ်က ဘယ်နေရာတွေကနေ ခေါ်ယူနေသလဲဆိုတာကို နားစွင့်ထားဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီဝက်ဘ်ဆိုက်တွေ၊ ဝန်ထမ်းရှာဖွေခန့်ထားရေးနေရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရေး အေဂျင်စီတွေရဲ့ Page တွေစတာတွေမှာ အလုပ်ရှာကြည့်ပါ။ အခုလို Digital ခေတ်ကြီးမှာ အွန်လိုင်းကနေ အလုပ်ရှာဖွေလို့ရတဲ့ နေရာအများအပြား ရှိနေပါပြီ။
ဖော်ပြပါအချက်တွေကိုအသုံးပြုပြီး ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်နေရာကို သေချာ လျှောက်ထားမယ်ဆိုရင်တော့ ဘယ်လိုအကြပ်အတည်းကာလမျိုးပဲ ဖြစ်နေပါစေ...အလုပ်ရရှိမှုက ပိုမိုမြန်ဆန်နိုင်မှာသေချာပါတယ်။
ဒီလိုကာလမှာ ဘယ်လိုအလုပ်အကိုင်တွေက ကိုယ်နဲ့ ကိုက်ညီသလဲဆိုတာ သိသွားပြီဆိုရင်တော့ အွန်လိုင်းကနေ အလုပ်လျှောက်နိုင်မယ့် https://www.myjobs.com.mm/ မှာ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရှာဖွေလျှောက်ထားကြည့်လိုက်နော်။