အမေရိကန်အခြေစိုက် Johnson & Johnson (J&J) ဆေးဝါးကုမ္ပဏီရဲ့ တစ်ကြိမ်တည်း ထိုးနှံရတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး အစောပိုင်းအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်များကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ရာ အားကောင်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုရှိခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
Ad26.COV2.S လို့ အမည်ပေးထားတဲ့ J&J ကာကွယ်ဆေးကို မတူညီတဲ့ ပမာဏနှစ်မျိုးဖြင့် စမ်းသပ်ခဲ့ရာ နှစ်မျိုးလုံးဟာ အညီအမျှ ကောင်းစွာ ခံနိုင်ရည်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ J&J ရဲ့ ကာကွယ်ဆေးက တစ်ကြိမ်တည်းသာ ထိုးနှံရတာဖြစ်ပေမဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Moderna, Pfizer နဲ့ AstraZeneca ကုမ္ပဏီတွေရဲ့ COVID-19 ကာကွယ်ဆေးတွေကတော့ သီတင်းပတ်များခြားပြီး နှစ်ကြိမ် ထိုးနှံရတာဖြစ်ပါတယ်။
သို့သော် J&J ကာကွယ်ဆေးက သက်ကြီးရွယ်အိုတွေမှာလည်း ပိုမိုငယ်ရွယ်သူတွေမှာကဲ့သို့ တူညီတဲ့ ကာကွယ်မှုဖြစ်စေနိုင်ခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ သက်ကြီးရွယ်အိုတွေမှာ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။
(Photo: J&J)
J&J ရဲ့ COVID-19 ကာကွယ်ဆေး အစောပိုင်းအဆင့် စမ်းသပ်မှုတွေကို အမေရိကန်အစိုးရ အထောက်အပံ့ဖြင့် အရွယ်ရောက်ပြီးသူ ၁,၀၀၀ နီးပါးမှာ စမ်းသပ်ခဲ့ပါတယ်။ J&J ကာကွယ်ဆေးကို ဇူလိုင်လအတွင်း မျောက်တွေမှာ စမ်းသပ်ခဲ့ရာ သန်းစွမ်းတဲ့ ကာကွယ်မှုရှိခဲ့ပြီးနောက် လူတွေနဲ့ အစောပိုင်းအဆင့် စမ်းသပ်မှုလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ စမ်းသပ်မှုရလဒ်များကို အခြေခံပြီး J&J က နောက်ဆုံးအဆင့် စမ်းသပ်မှုအဖြစ် လူဦးရေ ၆၀,၀၀၀ မှာ စမ်းသပ်လေ့လာမှုတွေကို စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ကာကွယ်ဆေး တတိယအဆင့် (နောက်ဆုံးအဆင့်) စမ်းသပ်မှုရလဒ်တွေကို ယခုနှစ်ကုန် သို့မဟုတ် လာမယ်နှစ်အစောပိုင်းမှာ သိရှိနိုင်မယ်လို့ J&J ကုမ္ပဏီက မျှော်လင့်ထားပါတယ်။
(Photo: Reuters)
J&J ရဲ့ COVID-19 ကာကွယ်ဆေး အစောပိုင်းအဆင့် စမ်းသပ်မှုရလဒ်တွေကို ဆေးပညာဆိုင်ရာဝက်ဘ်ဆိုက် medRxiv မှာ ထုတ်ပြန်ဖော်ပြခဲ့ပြီး အပြန်အလှန် သုံးသပ်မှု မလုပ်ရသေးဘူးလို့ သိရပါတယ်။ ကာကွယ်ဆေး အစောပိုင်းအဆင့် စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ အချက်အလက်တွေကို ကြားဖြတ် လေ့လာဆန်းစစ်ခဲ့ရာ ၎င်းတို့အနက်မှ ၉၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးပြီး ၂၉ ရက်အကြာမှာ ပဋိပစ္စည်းများထွက်ရှိခဲ့တယ်လို့ J&J ရဲ့ Janssen Pharmaceuticals မှ အပါအဝင် သုတေသီတွေက ပြောပါတယ်။
သို့သော် ကိုယ်ခံအားတုံ့ပြန်မှုရလဒ်တွေကို ပါဝင်စမ်းသပ်ခံသူ အရေအတွက် အနည်းငယ်ဖြစ်တဲ့ ၁၅ ဦးထံမှသာ ရရှိခဲ့ပြီး ၎င်းတို့ဟာ အသက် ၆၅ နှစ်ကျော်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၆၅ နှစ်အထက် ပါဝင်စမ်းသပ်ခံသူတွေမှာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်းကဲ့သို့ ဆိုးကျိုးတုံ့ပြန်မှုများ ကြုံတွေ့ရမှုနှုန်းဟာ ၃၆ ရာခိုင်နှုန်းဖြစ်ပြီး ပိုမိုငယ်ရွယ်သူတွေမှာ ၆၄ ရာခိုင်နှုန်း ကြုံတွေ့ရမှုထက် များစွာလျော့နည်းနေပါတယ်။
(Photo: AFP)
ထိုနှုန်းတွေအရ အသက်အရွယ်ပိုကြီးသူတွေထံမှာ ဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားတုံ့ပြန်မှုဟာ အားကောင်းခြင်းမရှိနိုင်ကြောင်း ညွှန်ပြနေတယ်လို့ သိရပါတယ်။ J&J ရဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုကို အစောပိုင်းအဆင့်စမ်းသပ်မှု အပြီးသတ်ချိန်မှာ နောက်ထပ် အသေးစိတ် ဆက်လက် လေ့လာသွားမယ်လို့ သုတေသီတွေက ပြောခဲ့ပါတယ်။
J&J ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်နဲ့ ဒုတိယအဆင့်တို့ကို အမေရိကန်နဲ့ ဘယ်လ်ဂျီယံမှာ ပြုလုပ်ခဲ့ရာ ရလဒ်ကောင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ တတိယအဆင့် (နောက်ဆုံးအဆင့်) စမ်းသပ်မှုကို လူဦးရေ ၆၀,၀၀၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း J&J သိပ္ပံဆိုင်ရာ အရာရှိချုပ် ဒေါက်တာပေါလ်စတော့ဖဲလ်စ်က National Institutes of Health (NIH) နဲ့ သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့တို့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။