တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Tencent ဟာ ဝန်ထမ်းပေါင်း ၁ သောင်းကို Huawei ထုတ် နောက်ဆုံးပေါ် တန်ဖိုးကြီး Foldable ဖုန်းသစ် ဝေပေးခဲ့ပေမယ့် မကြာခင်မှာ ဒီဖုန်းတွေဟာ Second-hand အွန်လိုင်းအရောင်းစတိုးပေါ် ရောက်သွားခဲ့ပါတယ်။
Tencent Holdings ဟာ ကုမ္ပဏီရဲ့ Platform နဲ့ Content Group (PCG) မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၁၀၀၀၀ ကို ရက်ရောတဲ့ လက်ဆောင်အဖြစ် ယွမ် ၁၇၀၀၀ (မြန်မာငွေ ၃၂ သိန်းကျော်)တန် Huawei Mate Xs ဖုန်းသစ် ပေးခဲ့တာပါ။ Huawei ရဲ့ ဒုတိယမျိုးဆက်ခေါက်သိမ်းနိုင်စမတ်ဖုန်းဖြစ်တဲ့ Huawei Mate Xs ကို ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်ခဲ့ပြီး မတ်လထဲမှာ စတင်ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Photo: gizguide
eCommerce ပလက်ဖောင်းတွေပေါ်မှာ ရောင်းအားပြတ်လပ်တဲ့အထိ ဝယ်လိုအား မြင့်ခဲ့ပြီးနောက် အပြင်မှာ ပြန်ရောင်းတဲ့ Huawei Mate Xs ဟာ မူလဈေးထက် ၂ ဆခွဲအထိ မြင့်တက်ခဲ့ပါတယ်။ အခုချိန်အထိ Third-party seller တွေကနေ JD.com မှာ ဒီဖုန်းကို ယွမ် ၂၀၅၀၀ ဈေးနဲ့ ရောင်းချမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
Huawei Mate Xs ကို လက်ဆောင်ရတဲ့ Tencent Holding ဝန်ထမ်းတွေဟာ second-hand ပလက်ဖောင်းတွေမှာ "ကုမ္ပဏီက လက်ဆောင်ပေးထားတဲ့ အသစ်စက်စက်ဖုန်း" စသည်ဖြင့် ကြေညာပြီး ရောင်းချနေပါတယ်။ South China Morning Post သတင်းအရ Alibaba Group လက်အောက်ခံ Xianyu ပလက်ဖောင်းမှာ လက်ဆောင်ရထားတဲ့ Huawei Mate Xs ဖုန်းတွေကို ယွမ် ၁၇၅၀၀ (မြန်မာငွေ ၃၃ သိန်း ၇ သောင်းကျော်) ဈေးကနေ စတင်ရောင်းချနေတယ်လို့ ဆိုပါတယ်။
လက်ဆောင်အဖြစ် ပေးထားတဲ့ Huawei Mate Xs မှာ Tencent ဗားရှင်းအတွက် Customize label နဲ့ သီးသန့်လာတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Huawei Mate Xs ဟာ တက်ဘလက်အနေအထား ဖြန့်ထားချိန်မှာ မျက်နှာပြင် ၈ လက်မ Curved OLED display နဲ့လာပြီး ခေါက်ထားချိန်မှာ ရှေ့ဘက် ၆.၆ လက် နဲ့ ကျောဘက် ၆.၃၉ လက်မဖြစ်သွားမှာပါ။
Photo: enter21st
ပထမ မျိုးဆက် Huawei Mate X နဲ့ ဒီဇိုင်းပိုင်းမှာ အပြောင်းအလဲ မရှိပေမယ့် display ကို ခေါက်ပေးတဲ့ ပတ္တာကို အဆင့်မြှင့်ထားသလို 5G ကွန်ရက်ချိတ်ဆက်မှုလည်း ပါဝင်လာပါတယ်။ ကျောဘက်ကို ပြန်လှည့်ပြီး ခေါက်ရတဲ့ ဒီဇိုင်းမျိုး ဖြစ်ပြီး ဆယ်လ်ဖီဆွဲမယ်ဆိုရင် ဖုန်းကို အရင် ခေါက်ရမှာ ဖြစ်ပါတယ်။
Kirin 990 SoC သစ်နဲ့ လာပြီး RAM 8GB/512GB storage နဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4500 mAh ဟာ 55W fast charging ပါရှိပြီး နောက်ကျောဘက်ဘောင်မှာ 40MP main sensor ၊ 8MP telephoto ကင်မရာ ၊ 16MP ultrawide ကင်မရာနဲ့ 3D depth sensing သုံးသွားပါတယ်။
အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကြောင့် ဒီဖုန်းမှာ Google Mobile Services မပါဘဲ ကိုယ်ပိုင် Huawei Mobile Services ပဲ ရမှာပါ။ လောလောဆယ် တရုတ်ဈေးကွက်မှာပဲ ဖြန့်ချိထားပါတယ်။
Share