စက်တင်ဘာလကုန်ပိုင်းက မိတ်ဆက်သွားတဲ့ Amazon One နည်းပညာသစ်ကို Amazon Go ရောင်းသူမဲ့စတိုးတွေမှာ စပြီး အသုံးပြုလာပြီလို့ ဆိုပါတယ်။
Amazon ကုမ္ပဏီဟာ လက်ဖဝါးကို ကိုယ်ပိုင်ခရစ်ဒစ်ကတ်လို သုံးနိုင်မယ့် လက်ဝါးပြင်ဖတ်နည်းပညာကို မိတ်ဆက်ခဲ့တာပါ။ Amazon One ဟာ မျက်နှာပြင်ဖတ် နည်းပညာလိုပဲ လက်ကို ဖတ်ရှုပြီး လူကို မှတ်သားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Amazon One နည်းပညာကို Amazon Go စတိုးတွေမှာ ပစ္စည်းဝယ်ယူငွေပေးချေရာမှာ သုံးနေတာပါ။
Photo: geekwire
ဆီယက်တဲလ်မှာရှိတဲ့ Amazon ရဲ့ ကိုယ်ပိုင် Go Stores နှစ်ဆိုင်မှာ ဒီနည်းပညာကို စပြီး သုံးနေတယ်လို့ Market Watch သတင်းက ဆိုပါတယ်။ Amazon One နည်းပညာ သုံးမယ့်သူတွေဟာ လက်ဖဝါးပြင်နဲ့ မှတ်ပုံတင်နိုင်ဖို့ Amazon Go ဆိုင်အဝင်က credit card စကင်ဖတ်နိုင်တဲ့ နေရာမှာ ကတ်အရင် ထည့်ပြီး လက်ဖဝါးကို register လုပ်ရမှာပါ။
လက်ဖဝါးမှတ်ပုံတင်ပြီးတာနဲ့ Amazon Go ဆိုင်တွေထဲ ဝင်မယ်ဆိုရင် ကတ်ဖတ်တဲ့နေရာမှာ လက်ဖဝါး ပြသွားရမှာ ဖြစ်ပါတယ်။ Amazon One နည်းပညာ မသုံးချင်သူတွေဟာ အရင်အတိုင်း Amazon app နဲ့ ဖြစ်စေ ငွေသားပေးချေပြီး ဖြစ်စေ သုံးနိုင်မှာ ဖြစ်ပါတယ်။ Amazon ဟာ ဒီနည်းပညာကို တစ်ခြား Amazon စတိုးတွေမှာလည်း နောက်လများမှာ တိုးချဲ့ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
Amazon One ဟာ ဈေးဝယ်ဖို့အတွက် တင်မဟုတ်ဘဲ အားကစားပွဲနဲ့ ရှိုးပွဲတွေမှာလည်း လက်မှတ်တွေနေရာမှာ အစားထိုးအသုံးပြုသွားမှာပါ။ Amazon One ဟာ ငွေပေးချေတဲ့ နည်းပညာမဟုတ်ဘဲ ကိုယ်ပိုင်အချက်အလက်တိုက်စစ်တဲ့ Identity နည်းပညာ ဖြစ်တာကြောင့် နေ့စဉ်ဘဝတွေမှာ ပိုပြီး အသုံးပြုလာဖို့ ရှိပါတယ်။