စတီးရွိုက်ဆေး Dxamathasone ဆေးဟာ ဈေးကွက်ထဲမှာရှိနေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပြီး ပုံမှန်အားဖြင့် ရောင်ရမ်းမှုသက်သာစေရန် အသုံးပြုပါတယ်။
(Photo: The Conversation)
ပုံမှန်အားဖြင့် အဆိုပါဆေးကို ဓာတ်မတည့်မှုများ၊ အရေပြားရောဂါများ၊ အူမကြီးရောင်ရမ်းမှု၊ အဆစ်ရောင်ရောဂါ၊ ကိုယ်ခံအားစနစ်က အလွန်အကျွံ တုံ့ပြန်ပြီး ပုံမှန်ဆဲလ်တွေကိုပါ တိုက်ခိုက်တဲ့ lupus နာတာရှည်ရောဂါနဲ့ အရေပြားဆဲလ်များ ပုံမှန်ထက် ပိုမိုလျင်မြန်စွာ တိုးပွားလာတဲ့ psoriasis ရောဂါတို့အတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့် လူနာတွေကို ပေးလေ့ရှိပါတယ်။ ဗြိတိန်ငွေ ၅ ပေါင် (မြန်မာကျပ်ငွေ ၉,၀၀၀ နီးပါး) မျှသာပေးရတဲ့ Dexamethasone ကို ထိုးဆေးနဲ့ သောက်ဆေး နှစ်မျိုးလုံးအနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဗြိတိန် ကျွမ်ကျင်းသူတွေရဲ့ တွေ့ရှိချက်
ဈေးသက်သာပြီး ပေါပေါများများ ရရှိနိုင်တဲ့ စတီးရွိုက်ဆေး Dexamethasone ဟာ အပြင်းအထန် နာမကျန်းဖြစ်နေတဲ့ COVID-19 လူနာတွေကို အသက်ကယ်ရန် ကူညီနိုင်ကြောင်း ဗြိတိန် ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ စတီးရွိုက်ဆေး Dexamethasone က ရောဂါပြင်းထန်ပြီး အသက်ရှူစက်တပ်ထားရတဲ့ COVID-19 လူနာတွေကို သေဆုံးနိုင်ခြေ သုံးပုံတစ်ပုံကို လျှော့ချနိုင်ခဲ့တယ်လို့ စမ်းသပ်ကုသမှုတွေအရ သိရှိထားရပါတယ်။
(Photo: Tai Dufour/White House)
ထို့အတူ အောက်စီဂျင်ပေးထားရတဲ့ အတန်အသင့် ရောဂါပြင်းထန်တဲ့ COVID-19 လူနာတွေမှာလည်း သေဆုံးနိုင်ခြေကို ငါးပုံတစ်ပုံ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ စမ်းသပ်ကုသမှုအရ Dexamethasone က အသက်ရှူကိရိယာတပ်ထားရတဲ့ လူနာ ၈ ဦးမှာ ၁ ဦးကို အသက်ကယ်နိုင်ခဲ့ပြီး အောက်စီဂျင်ပေးထားရတဲ့ လူနာ ၂၅ ဦးမှာ ၁ ဦးကို အသက်ကယ်နိုင်ခဲ့ကြောင်း တွေ့ရပါတယ်။
ဗြိတိန်မှာ COVID-19 စတင်ဖြစ်ပွားချိန်မှစပြီး အဆိုပါဆေးဖြင့် ကုသခဲ့ပါက လူ ၅,၀၀၀ အထိကို အသက်ကယ်နိုင်ခဲ့မယ်လို့လည်း သုတေသီတွေက ခန့်မှန်းခဲ့ကြပါတယ်။ Dexamethasone ကို ထိုးဆေးတစ်ကြိမ် သို့မဟုတ် တစ်နေ့တစ်ကြိမ် သောက်ဆေးအဖြစ် အသုံးပြုနိုင်ပြီး COVID-19 ကုသနိုင်တဲ့ ပထမဆုံးဆေးအဖြစ် ကျွမ်းကျင်သူတွေက တွေ့ရှိထားပါတယ်။
(Photo: Reuters)
ရောင်ရမ်းမှုသက်သာစေရန် အသုံးပြုနေတဲ့ Dexamethasone က COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်ခံအားစနစ်က အလွန်အကျွံ တုံ့ပြန်ရာမှ ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းပျက်စီးမှုအချို့ကို ဟန့်တားပေးနိုင်ကြောင်း ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ကြပါတယ်။ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို အလွန်အကျွံ တုံ့ပြန်မှုကို cytokine storm လို့ ခေါ်ဝေါ်ပြီး ထိုအခြေအနေကြောင့် COVID-19 လူနာတွေ သေဆုံးစေနိုင်တာ ဖြစ်ပါတယ်။
ထို့အတူ အောက်စီဂျင်ပေးထားရတဲ့ COVID-19 လူနာတွေမှာလည်း သေဆုံးမှုအန္တရာယ်ကို ၂၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း Dexamethasone ကို ရောဂါပြင်းထန်သူ သို့မဟုတ် သေရေးရှင်ရေး ဖြစ်နေသူတွေအတွက် ဆေးရုံမှာ အနီးကပ်စောင့်ကြည်မှုဖြင့် အသုံးပြုသင့်ကြောင်း ပြောထားပါတယ်။ Dexamethasone ဆေးဟာ ဈေးသက်သာပြီး COVID-19 လူနာအရေအတွက် များပြားမှုကြောင့် ရုန်းကန်နေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကြီးမားစွာ အကျိုးပြုနိုင်ပါတယ်။