တောင်တရုတ်ပင်လယ်ပြင်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရုတ် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေးပြောကြားလိုက်ပါတယ်။
မိုးဇလရဲ့ ဒီနေ့ အောက်တိုဘာ (၇) ရက်နေ့ မနက် (၇) နာရီခွဲတိုင်းထွာချက်တွေအရ တောင်တရုတ် ပင်လယ်ပြင်အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ၊ အပူပိုင်းမုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းငယ်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရဲ့ အရှေ့ဘက် ရေမိုင် (၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီနောက် အနောက်ဘက်ကို ဆက်လက် ရွေ့လျားကာ၊ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းတို့ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ပြီး အောက်တိုဘာ (၉)ရက်မှာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။
အဆိုပါ အပူပိုင်းမုန်တိုင်းငယ်ကြောင့် အောက်တိုဘာ (၈) ရက်ကနေ (၁၁) ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး၊ လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။
“ ကပ္ပလီပင်လယ်ပြင်ကို ရောက်ပြီးရင် အိန္ဒိယ ကို (၁၃) ရက်နေ့မှာ မုန်တိုင်းအဆင့်နဲ့ ဝင်သွားဖို့ ရှိတယ်။ အဲဒီရက်ပိုင်းတွေမှာ ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နဲ့ လှိုင်းထန်တာမျိုးရှိမယ်။ အဓိကကတော့ ပင်လယ်နဲ့နီးတဲ့နေရာတွေ၊ ကုန်းမြင့်ဒေသတွေက သတိပြုနေထိုင်ဖို့ ထုတ်ပြန်ထားတာပါ” လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/လေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် မြစ်ငယ်၊ ချောင်းငယ် တွေ အနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင် သတိပြုနေထိုင်ကြဖို့ကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။