COVID-19 ကာလ ဂိမ်းကစားခြင်းနဲ့ ဒေါင်းလုပ်ဆွဲမှု မြင့်တက်လာခြင်းနဲ့အတူ Apple App Store ပေါ် ငွေသုံးစွဲမှုဟာ သိသိသာသာ မြင့်တက်ရောက်လာခဲ့ပါတယ်။
App Annie ဈေးကွက်သုတေသနရဲ့ ထုတ်ပြန်ချက်ထဲမှာ ကပ်ဘေးကာလဟာ Apple App Store နဲ့ Google Play Store တို့ပေါ် ကောင်းမွန်တဲ့ တိုးတက်မှုတွေ ယူဆောင်လာတယ်လို့ ဆိုပါတယ်။ တတိယသုံးလပတ်ကာလအတွင်း ကမ္ဘာအရပ်ရပ်မှာ app သစ် ဒေါင်းလုပ်ဆွဲမှု ၃၃ ဘီလျံ ရှိခဲ့ပြီး app ပေါ် လူတွေရဲ့ အချိန်ကုန်ဆုံးမှုဟာ နာရီပေါင်း ဘီလျံ ၁၈၀ ကျော် ရှိခဲ့တယ်လို့ App Annie က ဖော်ပြထားပါတယ်။
Photo: Tech Crunch
Apple App Store မှာ တတိယသုံးလပတ်အတွင်း app ဒေါင်းလုပ်ဆွဲမှုသစ် စုစုပေါင်း ၉ ဘီလျံ နီးပါး ရှိခဲ့ပြီး ဒီထဲက ၂.၆ ဘီလျံနီးပါးခန့်ဟာ ဂိမ်းဒေါင်းလုပ်ဆွဲမှု ဖြစ်ပါတယ်။ ဒေါင်းလုပ်ဆွဲမှု အရေအတွက်စုစုပေါင်းဟာ နှစ်အလိုက် ၂၀% ပိုတိုးလာခဲ့ပြီး အိန္ဒိယနဲ့ တောင်ကိုရီးယားမှ ဂိမ်းဒေါင်းလုပ်ဆွဲမှုအများဆုံး လုပ်လာကြပါတယ်။
app အတွက် ငွေသုံးစွဲမှုဟာ ဒေါ်လာ ၁၈ ဘီလျံရှိပြီး နှစ်အလိုက် ၂၀% ပိုမြင့်တက်လာတာလို့ ဆိုပါတယ်။ ဒီငွေသုံးစွဲမှုရဲ့ ၃၅% ဝန်းကျင်ဟာ ဂိမ်းမဟုတ်တဲ့ app တွေ ဖြစ်ပြီး Subscription သွင်းမှုကနေ အများဆုံး ငွေစွဲကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းတွေပေါ် ငွေသုံးစွဲမှုဟာ App Store မှာ ဒေါ်လာ ၁၁ ဘီလျံကျော် ရှိခဲ့တာပါ။
Photo: Tech Crunch
အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေ ကြုံနေရပေမယ့် TikTok ဟာ ဂိမ်းမဟုတ်တဲ့ app တွေထဲမှာ ဒုတိယမြောက် ငွေအဝင်ဆုံး app အဖြစ် ရှိနေပါတယ်။ Google ဟာ သုံးစွဲသူအရေအတွက်နဲ့ ဈေးကွက်ဝေစုအားဖြင့် အင်အားအကြီးဆုံးဖြစ်ပေမယ့် App Store များရဲ့ ဝင်ငွေအရ စုစုပေါင်း ဒေါ်လာ ၂၈ ဘီလျံထဲမှာ ၁၀ ဘီလျံဖိုးပဲ Play Store ပေါ် ရောက်ခဲ့တာ ဖြစ်ပါတယ်။
app ဒေါင်းလုပ်ဆွဲမှုအနေနဲ့ တတိယသုံးလပတ် ၃၃ ဘီလျံအရေအတွက်ထဲမှ ၂၅ ဘီလျံဟာ Google Play Store ကနေ ဒေါင်းလုပ်ဆွဲခဲ့ကြတာပါ။ App Annie ရဲ့ အဆိုအရ Google Play Store မှာ နှစ်အလိုက် ငွေသုံးစွဲလာမှုဟာ တတိယသုံးလပတ်မှာ ၃၅% တက်လာခဲ့တယ်လို့ ဆိုပါတယ်။