အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဆေးစစ်မှုအဖြေအရ COVID-19 ကင်းစင်သွားခဲ့ပြီးနောက် မဲဆွယ်စည်းရုံးရေးပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။
(ဖလော်ရီဒါ မဲဆွယ်စည်းရုံးပွဲမှ ထရန့်) (Photo: AP)
ဖလော်ရီဒါပြည်နယ် Sandford မှာ အောက်တိုဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လူထုစုရုံးပွဲကို ထရန့် ပါဝင်လာခဲ့ပြီး ရောဂါပျောက်ကင်းပြီးနောက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဖလော်ရီဒါ မဲဆွယ်စည်းရုံးပွဲကို လူဦးရေ ထောင်နဲ့ချီ စုရုံးလာရောက်ခဲ့ကြတာ တွေ့ရပါတယ်။
အသက် ၇၄ နှစ်အရွယ် သမ္မတထရန့်နဲ့ ပြိုင်ဘက်ဖြစ်သူ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒန်တို့ဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီ သုံးပတ်အလိုမှာ မဲရရှိရေး အလုအယက် ကြိုးပမ်းနေကြပါတယ်။ ဂျိုးဘိုင်ဒန်ကလည်း အောက်တိုဘာ ၁၂ ရက်နေ့က အိုင်ဟိုင်းအိုပြည်နယ်မှာ မဲဆွယ်စည်းရုံးရေး လူထုစုရုံးပွဲမှာ မဲဆွယ်မိန့်ခွန်းပြောခဲ့ပါတယ်။
(အိုင်ဟိုင်းအိုမှာ မဲဆွယ်နေတဲ့ ဂျိုးဘိုင်ဒန်) (Photo: AP)
လူထုသဘောထား စစ်တမ်းတွေအရ တစ်နိုင်ငံလုံးအတိုင်အတာမှာ ဂျိုးဘိုင်ဒန်က သမ္မတထရန့်ကို ၁၀ မှတ်ဖြင့် ဦးဆောင်နေပေမဲ့ ရွေးကောက်ပွဲအတွက် အဓိကကျတဲ့ ပြည်နယ်အချို့မှာတော့ ကွာဟာချက် ကျဥ်းမြောင်းတယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါကဲ့သို့ ပြည်နယ်မှာ ဂျိုဘိုင်ဒန်က ၃.၇ မှတ်ဖြင့် ဦးဆောင်နေကြောင်း Real Clear Politics အဖွဲ့အစည်းက လူထုသဘောထား စစ်တမ်းအရ သိရှိရပါတယ်။
ဖလော်ရီဒါကဲ့သို့ ယှဥ်ပြိုင်ရတဲ့ နေရာတွေဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရန် လိုအပ်တဲ့ Electoral College အဖွဲ့ရဲ့ ထောက်ခံမဲ ၂၇၀ ရရှိရန် အရေးပါတဲ့ ပြည်နယ်ဖြစ်နေပါတယ်။ သမ္မတထရန့်ဟာ အောက်တိုဘာ ၁ ရက် ညပိုင်းမှာ COVID-19 ကူးစက်ခံရကြောင်း အဖြေသိရပြီးနောက် အောက်တိုဘာ ၂ ရက်မှာ Walter Reed Medical Center စစ်ဆေးရုံသို့ တက်ရောက်ခဲ့ပါတယ်။
(ဖလော်ရီဒါ မဲဆွယ်စည်းရုံးပွဲမှ ထရန့်) (Photo: Reuters)
စစ်ဆေးရုံမှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ထို့နောက်ပိုင်းမှာ ထရန့်ဆီကနေ အခြားသူများသို့ COVID-19 ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်မရှိတော့ကြောင်း ၎င်းရဲ့ဆရာဝန်က ပြောခဲ့ပါတယ်။ သမ္မတထရန့်ကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ပြန်လည်ပါဝင်ရန်ရှိကြောင်းနဲ့ ၎င်းဟာ COVID-19 ကို ခံနိုင်ရည်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ထရန့်ရဲ့ ဆေးစစ်မှုအဖြေအရ ၎င်းထံမှာ COVID-19 မရှိတော့ကြောင်းနဲ့ အခြားသူများသို့ ကူးစက်နိုင်ခြင်း မရှိတော့ကြောင်း အိမ်ဖြူတော်ဆရာဝန်က အတည်ပြု ပြောကြားခဲ့ပါတယ်။ သမ္မတထရန့်ကို Abbott Laboratories က ထုတ်လုပ်တဲ့ BinaxNOW အမြန်စစ်ဆေးကိရိယာဖြင့် COVID-19 ရှိ မရှိ စစ်ဆေးခဲ့ကြောင်း ဒေါက်တာ Sean Conley က ထုတ်ပြန်ပါတယ်။
.