တောင်ကိုရီးယားမှာ တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက်ပိုင်း အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ဆက်နွယ်နေခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေကပြောကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။
(Photo: Kim Hong-Ji/Reuters)
တောင်ကိုရီးယားမှာ တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုများ ပြန်လည်စတင်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိလာခဲ့ပြီးနောက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ အဆိုပါ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးဟာ အစိုးရက နိုင်ငံလူဦးရေ ၅၂ သန်းအနက်မှ သန်း ၃၀ ခန့်ကို တုပ်ကွေးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးတဲ့ အစီအစဥ်အရ ကာကွယ်ဆေးထိုးခဲ့သူ ဖြစ်ပါတယ်။
ထိုကာကွယ်ဆေးအစီအစဥ် စတင်ခဲ့ပြီးနောက်ပိုင်း လူသေဆုံးမှုသတင်းတွေ ထွက်ပေါ်လာခဲ့ရာ ဆရာဝန်တွေနဲ့ နိုင်ငံရေးသမားတွေက ကာကွယ်ဆေးထိုးနှံမှုကို ရပ်ဆိုင်းထားရန် တောင်းဆိုခဲ့ကြပါတယ်။ Yonhap က ယနေ့ (အောက်တိုဘာ ၂၃ ရက်) သတင်းဖော်ပြမှုအရ တစ်ညအတွင်း သေဆုံးသူ နောက်ထပ် ခုနစ်ဦးတိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။
(Photo: Reuters)
ကျန်းမာရေးအာဏာပိုင်တွေကတော့ သေဆုံးမှုတွေနဲ့ ကာကွယ်ဆေးကြား တိုက်ရိုက်ဆက်နွယ်နေကြောင်း အထောက်အထားမရှိတာကြောင့် ကာကွယ်ဆေးအစီအစဥ်ကို ရပ်ဆိုင်းထားရန် အစောပိုင်းမှာ ငြင်းပယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တုပ်ကွေးကာကွယ်ဆေးများ ပို့ဆောင်စဥ်အတွင်း လိုအပ်တဲ့အပူချိန်မှာ ထိန်းသိမ်းမထားခဲ့ဘဲ အခန်းအပူချိန်မှာထားခဲ့ကြောင်း တွေ့ရှိရတာကြောင့် ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား မှုခင်းဆေးပညာဌာန (National Forensic Service) က ကာကွယ်ဆေးကိစ္စအပေါ် အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူတွေရဲ့ အလောင်းအချို့ကို စစ်ဆေးခဲ့ရာမှာ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး သေဆုံးမှုဟာ တုပ်ကွေးကာကွယ်ဆေးနဲ့ ဆက်နွယ်မှုများ မတွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး Yonhap က ဖော်ပြပါတယ်။ လတ်တလောမှာ မှုခင်းဆေးပညာဌာနဲ့ ရဲတပ်ဖွဲ့ကို မှတ်ချက်မေးမြန်းရန် ဆက်သွယ်လို့မရသေးကြောင်း သိရပါတယ်။
(Photo: AP)
တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun က သေဆုံးသူတွေရဲ့ မိသားစုများထံ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သေဆုံးမှုတွေဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို သိရှိနိုင်ရေး မခြွင်းမချန် စုစမ်းစစ်ဆေးရန် တိုက်တွန်းလိုက်ပါတယ်။ "ကျွမ်းကျင်သူတွေ ပြောကြာားမှုအရ ကာကွယ်ဆေးထိုးတာနဲ့ သေဆုံးမှုတွေကြား ဆက်နွယ်မှုဖြစ်နိုင်ခြေ နည်းပါတယ်၊ ဒါပေမဲ့ နိုင်ငံသားအများအပြားက စိုးရိမ်နေကြတယ်" လို့ ဝန်ကြီးချုပ်က အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။
အစောပိုင်း သေဆုံးခဲ့သူ ၂၅ ဦးအနက် မှုခင်းဆေးပညာဌာနက အလောင်းစစ်ဆးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး အပါအဝင် ၂၂ ဦးက အစိုးရအစီအစဥ်ဖြင့် တုပ်ကွေးကာကွယ်ဆေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားအစိုးရက ဆယ်ကျော်သက်နဲ့ အသက်ကြီးသူ ၁၉ သန်းကို တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံပေးရန်စီစဥ်ထားပါတယ်။
(Photo: Pulse News Korea)
ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးခဲ့သူ ကိုဦးအနက် ခုနစ်ဦးဟာ နဂိုရောဂါအခံရှိသူတွေဖြစ်ကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Korea Disease Control and Prevention Agency - KDCA) က ပြောခဲ့ပါတယ်။ KDCA က နောက်ထပ် သေဆုံးသူ ခုနစ်ဦးရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အောက်တိုဘာ ၁၃ ရက်နေ့မှာ တုပ်ကွေးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမှု ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း လူဦးရေ ၈.၃ သန်းကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ လူ ၃၅၀ ခန့်ဟာ ဘေးထွက်ဆိုးကျိုးရှိခဲ့တယ်လို့ KDCA က ဆိုပါတယ်။
(နောက်ဆက်တွဲသတင်းတွေအရ တောင်ကိုရီးယားမှာ တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေဆုံးသူအရေအတွက် ၄၈ ဦးရှိလာခဲ့ကြောင်း သိရပါတယ်)