ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူကို တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ ဖမ်းဆီးရမိခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ နိစ်မြို့မှာ ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ယနေ့ (အောက်တိုဘာ ၂၉ ရက်) ဒေသစံတော်ချိန် မနက်ပိုင်းက ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး ယခုဖြစ်ရပ်ဟာ အစ္စလာမ်မစ်အကြမ်းဖက်သမား တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သမ္မတအီမန်နျူရယ်မက်ခရွန်က ပြောပါတယ်။

(Photo: Reuters)

နိစ်မြို့လယ်ရှိ Notre Dame ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ယခုဖြစ်ရပ်ကို အကြမ်းဖက်သမားတိုက်ခိုက်မှုအဖြစ် မြို့တော်ဝန် ခရစ္စတီယန်အက်စ်ထရိုစီကလည်း အစောပိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထုတ်ပြန်မှုအရ ဓားဖြင့်တိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူကို တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရနဲ့အတူ ဖမ်းဆီးရမိထားပါတယ်။



အာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ ဘုရားကျောင်းမှာ ဓားဖြင့်တိုက်ခိုက်ကြောင်း သံသယရှိသူဟာ ဥ‌ရောပသို့ လတ်တလော ရောက်ရှိလာခဲ့တဲ့ တူနီးရှားနိုင်ငံသား ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းဟာ အသက် ၂၁ နှစ်အရွယ်ဖြစ်ပြီး အီတလီကြက်ခြေနီအသင်း စာရွက်စာတမ်းများရှိကြောင်းနဲ့ ပြီးခဲ့တဲ့လအတွင်း အီတလီနိုင်ငံ Lampedusa ကျွန်းသို့ ရွှေ့ပြောင်းဒုက္ခသည်စက်လှေဖြင့် ‌ရောက်ရှိခဲ့တာဖြစ်ပါတယ်။

(Photo: AFP via Getty Images)

ဓားဖြင့်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေအနက် တစ်ဦးဟာ ဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တယ်လို့ မြို့တော်ဝန်အက်စ်ထရိုစီက ပြောပါတယ်။ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီး Gérald Darmanin က အခင်းဖြစ်နေရာ နိစ်မြို့လယ်ပိုင်းကို မသွားကြရန် ပြည်သူတွေကို ပန်ကြားခဲ့ပါတယ်။ ၎င်းက ပါရီမြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှာ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေခဲ့ပါတယ်။

ဒါက ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေတဲ့ အလွန်ပြင်းထန်တဲ့ စိန်ခေါ်မှုအသစ်တစ်ခုဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး

"ဒါက ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေတဲ့ အလွန်ပြင်းထန်တဲ့ စိန်ခေါ်မှုအသစ်တစ်ခုဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး" လို့ ပြင်သစ်ဝန်ကြီးချုပ် Jean Castex က လွှတ်တော်အစည်းအဝေးမှာ COVID-19 ထိန်းချုပ်ရေး lockdown အစီအမံ အသေးစိတ်ကို ရှင်းလင်းတင်ပြစဥ် ပြောခဲ့ပါတယ်။ ထိုလွှတ်တော်အစည်းအဝေးမှာ ဓားဖြင့်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေအနက် တစ်မိနစ် ငြိမ်သက်ခဲ့ပါတယ်။

(Photo: EPA)

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ပြင်သစ်နိုင်ငံမှာ ဒုတိယအကြိမ် lockdown စီမံဆောင်ရွက်မှုများ ယနေ့ ညသန်းခေါင် အောက်တိုဘာ ၃၀ ရက်အကူးမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ပြင်သစ်အရှေ့တောင်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းရှိ နိစ်မြို့ဟာ လတ်တလော နှစ်များအတွင်း လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်များအနက် တစ်ခုအပါအအဝင် ဖြစ်ခဲ့ဖူးပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က ပြင်သစ်အမျိုးသားနေ့ (Bastille Day) အထိမ်းအမှတ် မီးရှူးမီးပန်းပစ်ဖောက်မှုတွေကို စုရုံးကြည့်ရှုနေတဲ့ လူအုပ်စုအတွင်း အသက် ၃၁ နှစ်အရွယ် တူနီးရှားအမျိုးသားတစ်ဦးက ထရပ်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Valéry Hache/AFP/Getty Images)

ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က နာမည်ကြီး ကာတွန်းဆရာများ အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ Charlie Hebdo သရော်စာမဂ္ဂဇင်းတိုက် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစ္စလာမ်မစ်အကြမ််းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။ Charlie Hebdo မဂ္ဂဇင်းက အစ္စလာမ်တို့ရဲ့ တမန်တော်မိုဟာမက်ကို သရော်ထားတဲ့ ကာတွန်းပုံကို ဖော်ပြခဲ့ပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ပါရီမြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးနေရာတစ်ခုမှာ ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရတဲ့ အစ္စလာမ်မစ်အကြမ်းဖက်သမားတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(နောက်ဆက်တွဲသတင်းရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က