အောက်တိုဘာလအတွင်း ဒုတိယမြောက် လပြည့် ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်ညဖြစ်တဲ့ ယနေ့ (အောက်တိုဘာ ၃၁ ရက်) ညမှာ မြင်တွေ့ရမယ့် လမင်းကြီးဟာ ထူးခြားနေလိမ့်မယ်လို့ ဆိုပါတယ်။

(Photo: Joel Kowsky/NASA)

ယနေ့ညမှာ မြင်တွေ့ကြရမယ့် လပြည့်ဟာ အောက်တိုဘာလအတွင်း ဒုတိယမြောက် လပြည့်လည်း ဖြစ်ပါတယ်။ အောက်တိုဘာလရဲ့ ပထမအကြိမ် လပြည့်ညကိုတော့ အောက်တိုဘာ ၁ ရက်နေ့ညမှာ မြင်တွေ့ခဲ့ရပါတယ်။ ထိုသို့ တစ်လအတွင်း ဒုတိယမြောက် လပြည့်ကို Blue moon လို့ သတ်မှတ်ခေါ်ဝေါ်ကြပေမဲ့ လမင်းကြီးဟာ အပြာရောင်ပြောင်းသွားတာမျိုးတော့ မဟုတ်ပါဘူး။



ပုံမှန်အားဖြင့် တစ်လအတွင်း လပြည့် တစ်ကြိမ်သာ ဖြစ်လေ့ပေမဲ့ အောက်တိုဘာလမှာတော့ လပြည့် နှစ်ကြိမ် ဖြစ်လာခဲ့ရာ ၂၀၂၀ ခုနှစ်အတွင်း လပြည့်ညတွေကို ၁၂ ကြိမ်အစား ၁၃ ကြိမ် ကြုံတွေ့ကြရမှာလည်း ဖြစ်ပါတယ်။ ယနေ့ လပြည့်ည လမင်းကြီးရဲ့အနီးမှာ နီနီရဲရဲ ကြယ်တစ်လုံးနဲ့တူတဲ့အရာကို မြင်တွေ့ခဲ့ပါက ထိုအရာဟာ အင်္ဂါဂြိုဟ်ဖြစ်တယ်လို့ CNN သတင်းက ဖော်ပြပါတယ်။

(Photo: NASA)

ဂြိုဟ်နီကြီးလို့ခေါ်ကြတဲ့ အင်္ဂါဂြိုဟ် (Mars) ဟာ အောက်တိုဘာလအစောပိုင်းမှာ ကမ္ဘာနဲ့အနီးဆုံးသို့ ရောက်ရှိခဲ့ပြီး ညဘက်ကောင်းကင်ယံမှာ တောက်ပလင်းလက်နေဆဲလို့ ဆိုပါတယ်။ ယနေ့ည မြင်တွေ့ရမယ့် Blue moon ဖြစ်စဥ်ကို ၂ နှစ်ခွဲမှ သုံးနှစ်လျှင် တစ်ကြိမ် ကြုံကြရပါတယ်။ ယခုနှစ်မှာ နောက်ထပ် ထူးခြားမှုအဖြစ် Blue moon လပြည့်ညဟာ ဟောလိုးဝင်း (Halloween) ညနဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။

ထိုသို့ တိုက်ဆိုင်မှုကို ၁၉၄၄ ခုနှစ်နောက်ပိုင်း မကြုံခဲ့ရကြောင်း CNN က ဆိုပါတယ်။ ဟောလိုးဝင်းညမှာ လပြည့်ခြင်းကို ၁၉ နှစ်လျှင် တစ်ကြိမ် ကြုံရနိုင်ကြောင်းနဲ့ ထိုအခြေအနေအရ ၂၀၃၉၊ ၂၀၅၈ နဲ့ ၂၀၉၆ ခုနှစ်တို့မှာ နောက်တစ်ကြိမ် ဟောလိုးဝင်းလပြည့်ညကို ကြုံတွေ့ရနိုင်ပါတယ်။

(Photo: John Mackle)

၂၀၂၀ ခုနှစ်အတွင်း လပြည့်နဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဥ်တစ်ခုကို ဧပြီလအတွင်းမှာလည်း ကြုံခဲ့ရဖူးပါတယ်။ မြန်မာသက္ကရာဇ် တန်ခူးလပြည့်ညဖြစ်တဲ့ ဧပြီ ၇ ရက် ညပိုင်းမှ ဧပြီ ၈ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းကနေ မြင်တွေ့ခဲ့ရတဲ့ လမင်းကြီးဟာ ပုံမှန်ထက် ပိုကြီးပြီး လင်းနေခဲ့ပြီး စူပါမွန်း (supermoon) လို့ ခေါ်ဝေါ်ကြပါတယ်။

ပြီးခဲ့တဲ့ တန်ခူးလပြည့်ညမှာ မြင်တွေ့ခဲ့ကြရတဲ့ စူပါမွန်းဟာ ၂၀၂၀ ခုနှစ်အတွက် အကြီးမားဆုံးနဲ့ အလင်းလက်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ လမင်းဟာ ကမ္ဘာကိုပတ်နေတဲ့ ၎င်းရဲ့ပတ်လမ်းတစ်လျှောက် ကမ္ဘာနဲ့အနီးဆုံး နေရာကိုရောက်တဲ့အချိန်နဲ့ လပြည့်ချိန် တိုက်ဆိုင်နေတဲ့ ဖြစ်စဥ်ကို စူပါမွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

တန်ခူးလပြည့်ညမှာ မြင်တွေ့ခဲ့ကြရတဲ့ လမင်းကြီးဟာ ကမ္ဘာနဲ့ အနီးဆုံးဆုံးအဖြစ် ၂၂၁,၅၂၄ မိုင် အကွာအဝေးကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုအချိန်မှာ လမင်းရဲ့ အရွယ်အစားဟာ ၁၄ ရာခိုင်နှုန်း ပိုကြီးနေပြီး ၃၀ ရာခိုင်နှုန်း ပိုလင်းနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ အကြီးမားဆုံး စူပါမွန်းကိုတော့ ထိုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက် လပြည့်ညမှာ မြင်တွေ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က