အောက်စ်ဖို့တက္ကသိုလ်နဲ့ ဗြိတိန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားပါတယ်။

ဗြိတိန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca နဲ့ အောက်စ်ဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးက နောက်ဆုံးအဆင့် စမ်းသပ်မှုတွေအရ COVID-19 ကို ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ထုတ်ပြန်ပြောကြားပါတယ်။

(Photo: Reuters)

AstraZeneca နဲ့ အောက်စ်ဖို့တက္ကသိုလ် (Oxford University) တို့ရဲ့ ကာကွယ်ဆေးဟာ အစောပိုင်းမှာ စမ်းသပ်မှုရလဒ်များ ထုတ်ပြန်ထားတဲ့ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးနဲ့ နှိုင်းယှဥ်ပါက ကာကွယ်ပေးနိုင်မှု ရာခိုင်နှုန်း လျော့နည်းနေပါတယ်။ AstraZeneca-Oxford ကာကွယ်ဆေးက အဆိုပါ ကာကွယ်ဆေးနှစ်မျိုးထက် ပိုမိုလွယ်ကူစွာ သိုလှောင်ထားရှိနိုင်ကြောင်း သိရပါတယ်။



အမေရိကန်ထုတ် Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတွေက COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ယခုအခါ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့ (Food and Drug Administration - FDA) ထံမှ ခွင့်ပြုချက်စောင့်ဆိုင်းနေပါတယ်။

(Photo: AP)

ဗြိတိန်နိုင်ငံထုတ် AstraZeneca-Oxford ကာကွယ်ဆေးဟာ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတွေထက် သိုလှောင်ထားရှိရန် ပိုမိုလွယ်ကူတာကြောင့် ကမ္ဘာ့နေရာဒေသ အားလုံးသို့ ရောက်ရှိနိုင်ရာ သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိပါက ကပ်ရောဂါတိုက်ဖျက်ရေးမှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှုတွေကို လူဦးရေ ၂၀,၀၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပြီး ထက်ဝက်ဟာ ဗြိတိန်မှာဖြစ်ပြီး ကျန်ရှိသူတွေကတော့ ဘရာဇီးမှာ ဖြစ်ပါတယ်။

စမ်းသပ်မှု အချက်အလက်တွေအရ AstraZeneca-Oxford ကာကွယ်ဆေးကို အကောင်းဆုံးဖြစ်စေရန် ပြုလုပ်ခြင်းဖြင့် COVID-19 ကနေ ကာကွယ်ပေးနိုင်မှုဟာ ၉၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်ကြောင်းလည်း သိရပါတယ်။ ဗြိတိန်အစိုးရက လူဦးရေ သန်း ၅၀ အတွက် AstraZeneca-Oxford ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကြိုတင်မှာကြားထားပြီး ဖြစ်ပါတယ်။

(Photo: John Kairns/Oxford University)

"အောက်စ်ဖို့ကာကွယ်ဆေးဟာ စမ်းသပ်မှုတွေမှာ အလွန်ထိရောက်မှုရှိကြောင်း တွေ့ရှိရတာက အလွန်ထူးခြားတဲ့ စိတ်လှုပ်ရှားစရာ သတင်းပါပဲ၊ နောက်ထပ် ဘေးကင်းစိတ်ချရမှုအတွက် စစ်ဆေးမှုတွေ လုပ်ဆောင်ရအုံးမှာပါ၊ ဒါပေမဲ့ အလွန်ကောင်းတဲ့ ရလဒ်တွေပါပဲ" လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ AstraZeneca-Oxford ကာကွယ်ဆေးကို ၁၀ လဝန်းကျင်အတွင်း ဖော်စပ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် ထိုလုပ်ငန်းစဥ်ဟာ ဆယ်စုနှစ်တစ်ခု ကြာမြင့်လေ့ရှိကြောင်း သိရပါတယ်။

AstraZeneca-Oxford ကာကွယ်ဆေးက အသက် ၆၀ ကျော်နဲ့ ၇၀ ကျော်အရွယ်တွေမှာ သန်စွမ်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပြီး ကူးစက်ခံရမှုအန္တရာမြင့်မားတဲ့ အသက်အရွယ်အုပ်စုကို ကာကွယ်ပေးနိုင်မယ့် မျှော်လင့်ချက်မြင့်တက်လာကြောင်း သုတေသီတွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Lancet ဆေးပညာဂျာနယ်မှာ ပြောထားပါတယ်။

Share

က္က