ကမ္ဘာ့ပထမဆုံး မှန်ပြင်အောက်ကင်မရာမြှပ်ထားတဲ့ ZTE Axon 20 5G ဖုန်းကို ကမ္ဘာ့ဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲက တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တဲ့ ZTE Axon 20 5G ဟာ Notch/Pop-up နဲ့ Punch-hole ကင်မရာတွေ မသုံးတဲ့ Full Screen စစ်စစ် ဖုန်းဖြစ်ပါတယ်။ ထူးခြားချက်က ရှေ့ကင်မရာကို Under-display အဖြစ် ပြောင်းလဲအသုံးပြုထားတာပါ။ ကမ္ဘာပေါ်မှာ ပထမဆုံးဈေးကွက်ဝင် Under-display ကင်မရာဖုန်းလည်း ဖြစ်ပါတယ်။
Photo: GSMArena
ZTE Axon 20 5G ကို ကမ္ဘာ့ဈေးကွက်မှာ ဖြန့်ချိလိုက်တာဆိုပေမယ့် ပထမအသုတ်မှာ အလုံးရေအကန့်အသတ်ရှိလို့ ကြိုပြီး အော်ဒါမှာထားဖို့ လိုမှာပါ။ ပထမဆုံးအကြိမ် ဈေးကွက်ထဲ တင်ပို့မှုကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စတင်သွားမှာပါ။ ဝယ်ယူနိုင်မယ့် နိုင်ငံတွေကတော့ ယူကေ ၊ ဥရောပသမဂ္ဂ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ထိုင်း ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ယူအေအီး ၊ ယူကရိန်း ၊ ဆော်ဒီအာရေဗျ နဲ့ တောင်အာဖရိကတို့ ဖြစ်ပါတယ်။
နိုင်ငံတကာဈေးကွက်ကိုတော့ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ကြေညာခြင်းမရှိသေးပါဘူး။ တရုတ်ဈေးကွက်မှာ RAM 6GB/128GB storage ကို ၂၁၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ၊ RAM 8GB/128GB storage မော်ဒယ်ကို ၂၄၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခန့်) နဲ့ အမြင့်ဆုံးမော်ဒယ် RAM 8GB/256GB storage ဗားရှင်းကို ၂၇၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချထားတာပါ။
Photo: GSMArena
ZTE Axon 20 5G ဟာ ၆.၉၂ လက်မ OLED display နဲ့လာပြီး 90Hz refresh rate ပါရှိပါတယ်။ လက်ဗွေနဲ့ ရှေ့ကင်မရာတွေဟာ မှန်ပြင်အောက်မှာပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာ ထောင်လိုက် ၄ လုံးတွဲကင်မရာပါရှိပြီး 64MP main sensor ၊ 8MP ultrawide ၊ 2MP depth sensor နဲ့ 2MP macro lens တို့ သုံးထားပါတယ်။
5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် Snapdragon 765G Processor နဲ့လာပြီး 30W fast charging ပါ 4220mAh ဘက်ထရီ ပါရှိပါတယ်။ အရောင်အနေနဲ့ အနက် ၊ အဖြူ ၊ ခရမ်းနဲ့ လိမ္မော်လေးရောင်ထွက်ထားပါတယ်။