လင်းလင်းဟာ သူ့ရဲ့ အခွေအသစ်ထဲမှာ သမီးလေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေ ထည့်သွားမယ်လို့ ဆိုပါတယ်။
Photo: Lin Lin
အဆိုတော် လင်းလင်းကတော့ သီချင်းအခွေ အသစ်ထွက်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။ ဒီအခွေထဲမှာ သူ့ရဲ့ အမြွှာ သမီးလေးတွေဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ သီဆိုထားတဲ့ အသံလေးတွေလည်း ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။
" ကလေးမွေးတဲ့အချိန် ဖြစ်ပေါ်ခံစားရတဲ့ မိဘတွေရဲ့ ပျော်ရွှင်မှု၊ စိုးရိမ်မှု၊ သင်္ချိုင်းတစ်ဖက်လှမ်းရင်း သားသမီးကိုလူ့ဘဝထဲ ခေါ်ရတဲ့မိခင်၊ ရတာရော၊ မရတာရော မပီကလာပီကလာ နဲ့ စဉ်းစားမိသမျှ ဆုတောင်းစာ အကုန်ထိုင်ရွတ်နေရတဲ့ ဖခင် ကိုယ်တိုင်ကြုံရတော့ ကိုယ့်မိဘတွေအပေါ် ထပ်ပိုမေတ္တာကြီးရတဲ့ ခံစားမှု စတဲ့ ခံစားမှုတွေအားလုံးကို ထုံးမွှန်းပြီးရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ် အခုထွက်မယ့် ခွေထဲမှာပါတယ်။ အဲဒီသီချင်းထဲမှာ ဆရာမနှစ်ပါးရဲ့ အသံလေးတွေပါ ရောမှာဆိုတော့ ပြောချင်တာက ခုမှလာတယ်။ သူတို့ vocal date လေ" ဆိုပြီးတော့ ဒီဇင်ဘာလ (၄) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Lin Lin
လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ ဂီတလောကထဲမှာ အဆိုတော်အဖြစ် ရပ်တည်နေကြသူတွေ ဖြစ်တာကြောင့် သူတို့ နှစ်ဦးရဲ့ ရင်သွေးလေးတွေကလည်း ဂီတကို ဝါသနာပါသူတွေ ဖြစ်ကြပါတယ်။ ခေတ်နဲ့သစ်တို့ရဲ့ အသံထည့်သွင်းထားတဲ့ သီချင်းနာမည်ကိုတော့ လင်းလင်း က ပြောပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ခေတ်နဲ့ သစ်တို့ ညီအစ်မကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ အသံလေးတွေကို အရမ်းနားထောင်ချင်ပြီလို့ Comment တွေကနေတဆင့် ရေးသားခဲ့ကြပါတယ်။
Photo: Lin Lin
လက်ရှိမှာတော့ ခေတ် နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေဟာ ခါးအရိုး အက်၊ကျိုး ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ လင်းလင်းတို့ ဇနီးမောင်နှံဟာ အခုလို ကိုဗစ်ကာလမှာ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ သူတို့ဟာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတဲ့ နေရာတွေနဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံတွေကိုလည်း အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ခေတ်သစ်ဖောင်ဒေးရှင်း ကနေတဆင့် ကိုဗစ်ကာလမှာ လိုအပ်တဲ့ အလှူအတန်းတွေ လုပ်ရုံသာမက မွေးရာပါ နှလုံးရောဂါရှိနေတဲ့ ကလေးငယ်တွေကိုလည်း ဆေးကုသပေးလျှက်ရှိပါတယ်။