ဒီဇင်ဘာလကုန်မှာ လူဦးရေ ၄ သန်းအထိကို ကာကွယ်ဆေးထိုးပေးရန် ဗြိတိန်က မျှော်လင့်ထားပါတယ်။

ဗြိတိန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ယနေ့ (ဒီဇင်ဘာ ၈ ရက်) စတင်ခဲ့ပြီဖြစ်ရာ လာမယ့် သီတင်းပတ်မှာ အသက် ၉၁ နှစ်ပြည့်မယ့် မာဂရတ်ကီနန် အမည်ရှိ အဘွားက Pifzier-BioNTech ကာကွယ်ဆေးကို စမ်းသပ်မှုပြင်ပ ကမ္ဘာ့ပထမဆုံး ထိုးနှံခွင့်ရသူဖြစ်လာကြောင်း သိရပါတယ်။

(ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးထိုးနှံခဲ့သည့် မာဂရတ်) (Photo: AP)

သူမကို အင်္ဂလန်နိုင် ကိုဗင်ထရီမြို့ရှိ ဆေးရုံမှာ ယနေ့မနက် ဗြိတိန်စံတော်ချိန် ၆ နာရီ ၃၁ မိနစ်မှာ ကာကွယ်ဆေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီး အများပြည်သူ ကာကွယ်ဆေးထိုးနှံမှု အစီအစဥ် စတင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။



COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးခွင့်ရတာ အလွန်အခွင့်ထူးခဲ့တယ်လို့ ကျွန်မ ခံစားရပါတယ်၊ စောစောရလိုက်တဲ့ အကောင်းဆုံး မွေးနေ့လက်ဆောင်ပေါ့

ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန် ကြီးကြပ်ရေးဌာန (Medicines and Healthcare products Regulatory Agency - MHRA) က Pifzier-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးအရေအတွက် ၈၀၀,၀၀၀ ခန့် ဗြိတိန်မှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ယခုလကုန်မှာ လူဦးရေ ၄ သန်းအထိကို ကာကွယ်ဆေးထိုးပေးရန် ဗြိတိန်က မျှော်လင့်ထားပါတယ်။


(Photo: AFP)

ဗြိတိန်တစ်ဝန်းရှိ ကာကွယ်ဆေးထိုးနှံတဲ့ နေရာတွေမှာ အသက် ၈၀ အထက်၊ ကျန်းမာရေးနဲ့ ပြုစုစောင့်ရှောက်ရေး ဝန်ထမ်းတွေကို COVID-19 ကာကွယ်ဆေးများ ဦးစားပေး ထိုးနှံသွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို စည်းမျဥ်းအရ မဖြစ်မနေလုပ်ဆောင်ရန် သတ်မှတ်ထားခြင်း မရှိပါဘူး။

"COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးခွင့်ရတာ အလွန်အခွင့်ထူးခဲ့တယ်လို့ ကျွန်မ ခံစားရပါတယ်၊ စောစောရလိုက်တဲ့ အကောင်းဆုံး မွေးနေ့လက်ဆောင်ပေါ့၊ နောက်ဆုံးတော့ ကျွန်မရဲ့ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ လာမယ့် နှစ်သစ်မှာ အတူတကွ အချိန်ကုန်နိုင်ဖို့ မျှော်လင့်နိုင်ပါပြီ" လို့ မာဂရတ်က ဖွင့်ဟခဲ့ပါတယ်။

(Photo: AP)

ဗြိတိန်နိုင်ငံက လူဦးရေ သန်း ၂၀ အတွက် ကာကွယ်ဆေးအရေအတွက် သန်း ၄၀ ကြိုတင်မှာကြား ဝယ်ယူထားခဲ့ပါတယ်။ လက်ရှိအချိန်အထိ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေအရ အလားအလာကောင်းတဲ့ COVID-19 ကာကွယ်ဆေး အားလုံးနီးပါးဟာ နှစ်ကြိမ်ထိုးရန် လိုအပ်ပါတယ်။ ဗြိတိန်မှာ ယခု စတင်ထိုးနှံပေးနေတဲ့ Pfizer-BioNTech ကာကွယ်ဟာလည်း ပထမအကြိမ် ထိုးနှံပြီးနောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ် ထိုးရမှာဖြစ်ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို ဥရောပနဲ့ အမေရိကန်မှာလည်း ယခုလအတွင်း ခွင့်ပြုချက်ရရှိလာနိုင်ပါတယ်။ Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုတွေရှိနေပါတယ်။

(Photo: AP)

ပုံမှန်ရေခဲသေတ္တာ အပူချိန်ဖြင့် သိုလှောင်ထိန်းသိမ်းထားနိုင်ပြီး သယ်ယူပို့ဆောင်ရာမှာ ပိုမိုလွယ်ကူတဲ့ ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးပြီးပါက အများပြည်သူသုံးအြဖစ် ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။

Oxford-AstraZeneca ကာကွယ်ဆေးဟာ COVID0-19 ကို ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဈေးနှုန်းက အမေရိကန်ကာကွယ်ဆေးတွေထက် များစွာပိုမိုသက်သာပါတယ်။ နောက်ထပ် အမေရိကန်အခြေစိုက် Moderna ဆေးဝါးကုမ္ပဏီထုတ် ကာကွယ်ဆေးကလည်း COVID-19 ကို ၉၄.၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဥရောပနဲ့ အမေရိကန်မှာ ခွင့်ပြုချက်စောင့်ဆိုင်းနေပါတယ်။

အမေရိကန်မှာလည်း လာမယ့် သီတင်းများအတွင်း Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးကို ခွင့်ပြုချက်ပေးသွားပြီး ကာကွယ်ဆေးထိုးနှံမှုများ ခရစ်မတ်မတိုင်မီ စတင်နိုင်မယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံကတော့ ၎င်းတို့ရဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V ရဲ့ ပထမအသုတ်ကို မော်စကိုမြို့တောင်ဘက်ရှိ ဆေးရုံတစ်ရုံသို့ ပေးပို့ခဲ့ပြီး အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။

.

Share

Loading Next Article...
က္က