အမေရိကန်မှာ ပထမဆုံးအသုတ်အဖြစ် Pfizer-BioNTech ကာကွယ်ဆေး ၂.၉ သန်းကို ထိုနှံပေးသွားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ပထမဆုံး COVID-19 ကာကွယ်ဆေးတစ်မျိုးကို ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) က ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး ၂၄ နာရီမပြည့်မီ ကာကွယ်ဆေးထိုးနှံမှုများ စတင်နိုင်မယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။

(Photo: Reuters)

လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၆ သန်းကျော်နဲ့ သေဆုံးသူ ၂၉၂,၀၀၀ ကျော်ရှိခဲ့တဲ့ အမေရိကန်မှာ Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးလိုက်ခြင်းက ကူးစက်မှုထိန်းချုပ်တိုက်ဖျက်ရေး အလှည့်အပြောင်းတစ်ရပ်လို့ ဆိုပါတယ်။ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးလိုက်ပါတယ်။



အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ၎င်းရဲ့မိတ်ဖက် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန် FDA က Pfizer-BioNTech ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲအထက် လူတွေမှာ အသုံးပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AP)

အမေရိကန်မှာ ပထမဆုံးအသုတ်အဖြစ် Pfizer-BioNTech ကာကွယ်ဆေး ၂.၉ သန်းကို ထိုနှံပေးသွားမှာဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြုစုစောင့်‌ရှောက်ရေးစင်တာတွေမှာ ကာလရှည်ကြာရှိနေတဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထားမယ်လို့ သိရပါတယ်။ "ပထမဆုံး ကာကွယ်ဆေးထိုတာကို ၂၄ နာရီမပြည်မီ ဆောင်ရွက်သွားမှာပါ၊ ဒီကာကွယ်ဆေးကို အမေရိကန်ပြည်သူအားလုံးအတွက် အခမဲ့ ထိုပေးမယ်လို့ပြောရတာ ကျွန်တော် ဂုဏ်ယူပါတယ်" လို့ သမ္မတထရန့်က ပြောပါတယ်။

"အမေရိကန်က ကမ္ဘာမှာ ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း အတည်ပြုချက်ရ COVID-19 ကာကွယ်ဆေးထုတ်လုပ်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်၊ ဒီနေ့ အောင်မြင်မှုက အမေရိကရဲ့ အကန့်အသတ်မရှိ စွမ်းဆောင်ရည်ကိုပြသတဲ့ သတိပေးချက်တစ်ရပ်ပါ" လို့လည်း ထရန့်က ဆိုပါတယ်။ ယခုအခါ အမေရိကန် ကျန်းမာရေးအာဏာပိုင်များ၊ ပို့ဆောင်ရေးလုပ်ငန်းများနဲ့ ဆေးရုံများက လူအမြောက်အမြားကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် ချက်ချင်းစတင်ရန် အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

(အမေရိကန် FDA အကြီးအကဲ ဒေါက်တာ Hahn) (Photo: Reuters)

အမေရိကန် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေဖြစ်တဲ့ United Parcel Service နဲ့ FedEx တို့က သန်းနဲ့ချီတဲ့ COVID-19 ကာကွယ်ဆေးတွေကို နိုင်ငံတစ်ဝန်း ပို့ဆောင်ပေးရန် ပြင်ဆင်ထားပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်မတိုင်မီ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က ခွင့်ပြုချက်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဗြိတိန်မှာတော့ Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှု‌များ ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး Pfizer-BioNTech ကာကွယ်ဆေးကို သိသာထင်ရှားတဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ အနေနဲ့ မထိုးသင့်ကြောင်း Medicines and Healthcare products Regulatory Agency (MHRA) က အကြံပြုထားပါတယ်။ ကနေဒါနိုင်ငံကလည်း Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးထားပြီဖြစ်ပြီး ပထမဆုံးအသုတ် ကာကွယ်ဆေး ၂၄၉,၀၀၀ ကို ယခုလအတွင်း လက်ခံရရှိမယ်လို့ ဆိုပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရန် လိုအပ်ပြီး ပထမဆုံးအကြိမ်ထိုးပြီးနောက် ၂၁ ရက်အကြမှာ နောက်တစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုအချို့ရှိနေပါတယ်။ အမေရိကန် FDA က ပြည်တွင်းအခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna ရဲ့ COVID-19 ကာကွယ်ဆေးကိုလည်း မကြာမီ ခွင့်ပြုချက်ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။ ထိုအတောအတွင်း မက္ကစီကိုနဲ့ ဘာရိန်းနိုင်ငံတိုကလည်း Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က