ကာကွယ်ဆေးတွေကို ပြည်နယ်အားလုံးသို့ ဖြန့်‌‌ဝေပေးပို့မှုများ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အမေရိကန်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့တဲ့ Pfizer နဲ့ BioNTech ကုမ္ပဏီတို့ရဲ့ COVID-19 ကာကွယ်ဆေးကို အများပြည်သူအားထိုးနှံမှုတွေ တနင်္လာနေ့ (ဒီဇင်ဘာ ၁၄ ရက်) မှာ စတင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Reuters)

အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က Pfizer-BioNTech ကာကွယ်ဆေးကို သောကြာနေ့ (ဒီဇင်ဘာ ၁၁ ရက်) မှာ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် ခွင့်ပြုချက်ပေးခဲ့တာ ဖြစ်ပါတယ်။



FDA က ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံမှုတွေကို ၂၄ နာရီမပြည့်မီ စတင်သွားနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်က အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။ သို့သော် ကာကွယ်ဆေးဖြန့်ဝေမှုကို ကြီးကြပ်ကွပ်ကဲသူ ဗိုလ်ချုပ်ကြီး Gustave Perna ရဲ့ ပြောကြားမှုအရ ပထမဆုံးအသုတ် Pfizer-BioNTech ကာကွယ်ဆေး ၃ သန်းနီးပါးကို ပြည်နယ်အားလုံးသို့ ဖြန့်‌‌ဝေပေးပို့မှုများ ယခု သီတင်းပတ်ကုန်မှာ လုပ်ဆောင်နေပြီး တနင်္လာနေ့မှာ ပြည်နယ်များသို့ စတင်ရောက်ရှိမယ်လို့ ဆိုပါတယ်။

(ဗိုလ်ချုပ်ကြီး Gustave Perna) (Photo: Al Drago/Getty Images/Bloomberg)

အမေရိကန်အစိုးရရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် Operation Warp Speed နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီးက ထိုသို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးတွေကို ကွန်တိန်နာများထဲမှာ ထည့်သွင်းထုပ်ပိုးပြီး လာမယ့် ၂၄ နာရီအတွင်း ပြည်နယ်များသို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

"တနင်္လာနေ့မှာ ကာကွယ်ဆေးထိုးမယ့်နေရာ ၁၄၅ ခုကို ကာကွယ်ဆေးတွေရောက်မယ်လို့ မျှော်လင့်ပါတယ်၊ နောက်ထပ် နေရာ ၄၂၅ ခုကိုတော့ အင်္ဂါနေ့ (ဒီဇင်ဘာ ၁၅ ရက်) နဲ့ နောက်ဆုံး ၆၆ နေရာကိုတော့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာ ရောက်မှာပါ" လို့ ဗိုလ်ချုပ်ကြီး Gustave Perna က ပြောပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ လိုအပ်နေတဲ့ ယခု ကာကွယ်ဆေးတွေကို ဘေးကင်းလုံခြုံစွာဖြင့် သယ်ယူပို့ဆောင်သွားရန် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိကြောင်းလည်း ဗိုလ်ချုပ်ကြီးက ဆိုပါတယ်။ သို့သော် အမေရိကန်တိုင်း ကာကွယ်ဆေးရရှိရန် စီစဥ်လုပ်ဆောင်နေမှု မပြီးဆုံးသေးဘူးလို့ ၎င်းက သတိပေးခဲ့ပါတယ်။

အမေရိကန်မှာ ပထမဆုံးအသုတ်အဖြစ် Pfizer-BioNTech ကာကွယ်ဆေး ၃ သန်းနီးပါးကို ထိုနှံပေးသွားမှာဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြုစုစောင့်‌ရှောက်ရေးစင်တာတွေမှာ ကာလရှည်ကြာရှိနေတဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထားမယ်လို့ သိရပါတယ်။ အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ၎င်းရဲ့မိတ်ဖက် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။

(အမေရိကန် FDA အကြီးအကဲ ဒေါက်တာ Hahn) (Photo: Getty Images)

အမေရိကန် FDA က Pfizer-BioNTech ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲအထက် လူတွေမှာ အသုံးပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရန် လိုအပ်ပြီး ပထမဆုံးအကြိမ်ထိုးပြီးနောက် ၂၁ ရက်အကြမှာ နောက်တစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။

Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုအချို့ရှိနေပါတယ်။

(ဗြိတိန်မှာ Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှု) (Photo: PA Media)

အမေရိကန် FDA က ပြည်တွင်းအခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna ရဲ့ COVID-19 ကာကွယ်ဆေးကိုလည်း မကြာမီ ခွင့်ပြုချက်ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၆ သန်းကျော်နဲ့ သေဆုံးသူ ၃၀၀,၀၀၀ ကျော်ပြီလည်း ဖြစ်ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်မတိုင်မီ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က ခွင့်ပြုချက်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဗြိတိန်မှာတော့ Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှု‌များ ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး Pfizer-BioNTech ကာကွယ်ဆေးကို သိသာထင်ရှားတဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ အနေနဲ့ မထိုးသင့်ကြောင်း Medicines and Healthcare products Regulatory Agency (MHRA) က အကြံပြုထားပါတယ်။ ကနေဒါနိုင်ငံကလည်း Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးထားပြီဖြစ်ပြီး ပထမဆုံးအသုတ် ကာကွယ်ဆေး ၂၄၉,၀၀၀ ကို ယခုလအတွင်း လက်ခံရရှိမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က