ချွန်တွန်းပရဟိတအဖွဲ့မှာ ဒိန်းဒေါင်က ဥက္ကဌဖြစ်ပြီး လူရွှင်တော် ချက်ကြီး၊ ပိုးလေး၊ ငြိမ်းချမ်း နဲ့ ကံပွင့်တို့လည်း ပါဝင်ပါတယ်။

လူရွှင်တော် ဥက္ကဌ ဒိန်းဒေါင်ဦးစီးပြီး ဖွဲ့စည်းထားတဲ့ ချွန်တွန်း ပရဟိတအဖွဲ့ကတော့ လမ်းဘေးမှာ တောင်းစားပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အမျိုးသားနဲ့ ကိုယ်ဝန်သည် အမျိုးသမီးကို ကလေးမွေးဖွားရာမှာ ကူညီပေးခဲ့သလို အိမ်ဆောက်လုပ်ဖို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။

Photo: Chat Gyi

ဒိန်းဒေါင် ဦးဆောင်တဲ့ ချွန်တွန်းပရဟိတအဖွဲ့မှာ လူရွှင်တော် ချက်ကြီးကတော့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ အလှူလေးအတွက် ပီတိဖြစ်လို့နေပါတယ်။ ဒီအလှူလေးကတော့ ကိုယ်ဝန်နေ့စေ့လစေ့ရှိပြီဖြစ်သလို လမ်းဘေးမှာ တောင်းစားရင်း စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အမျိုးသမီးနဲ့ ခင်ပွန်းအတွက် လိုအပ်တဲ့ အကူအညီလေးတွေ ပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ 

" ဒီမိသားစုလေး ပျော်ပါပြီနော်။ အဖေဖြစ်သူက မရှက်မကြောက်နဲ့ ဝါးဆစ်ဗူးလေးတီး သီချင်းဆိုပြပြီး သမီးလေးမွေးဖို့ကြိုးစားပန်းစား အလုပ်လုပ်ရှာတယ်။ အမေဖြစ်သူမှာတော့ မမွေးခင်ချိန်ထိတစ်ရွတ်တိုက် ဖင်လေးရွေ့ခါ ရွေ့ခါနဲ့ တောင်းနေရပေါ့။ ချွန်တွန်းအဖွဲ့တို့ တွေ့ပါပြီ။ တောင်ဒဂုံ ကျီးစု အရှေ့ ဘက်ကမ်းမှာနေတာပါ။ ကလေးမီးထွက်ဖို့ ကိစ္စ ဝမ်းဆွဲသည် ကန်တော့ဖို့ကိစ္စ။ အမှန်တိုင်းပြောရရင် လက်သည်နဲ့ မွေးတာကို ကျွန်တော်တို့ အားမပေးပါ ။ ဒီတစ်ခုကတော့ တော်တော်ကို အခြေအနေဆိုးသမို့။ ကိစ္စ အစစ အရာရာ အပြည့်အစုံ မဟုတ်တောင် လိုအပ်ချက်လေးတွေကိုတစ်ခုစီ ဖြည့်ဆည်းပေးလိုက်တော့ ဝမ်းသာပြီးထိုင်ကန်တော့ရှာတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လယ် (၃) နာရီက လူရွှင်တော် ချက်ကြီးရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Chat Gyi

ဒါ့အပြင် ကလေးမွေးဖွားဖို့ ကူညီခဲ့ရုံသာမက အိမ်အဟောင်းလေးကို ပြန်လည် ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးတွေကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ ချက်ကြီးကပြောပါတယ်။ 

" ဒီမိသားစုလေး နေတဲ့ အိမ်ကို ကြည့်ပြီး ကိုဒိန်းဒေါင် အိမ်တွေ ဆောက်လှူပေးနေတာ ကျွန်တော်တွေ့ ပါတယ်။ ခုလည်း သမီးလေးတို့မိသားစုကို ကောင်းကောင်းမွန်မွန်လေး နေစေချင်တယ်ဗျာဆိုပြီး ချက်ချင်း အိမ်ဆောက်ပေးဖို့ လှူပေးတယ်။ ကျွန်တော်တို့ ပျော်၊ သမီးကလေးတို့ မိသားစုလည်းပျော်၊ ချွန်တွန်းတို့ ဒီနေ့ ပျော်တာပေါ့နော် ဒီအလှူကလေးကို ဝမ်းသာပီတီဖြင့် ချွန်တွန်း အဖွဲ့မှ မှတ်တမ်းတင်လိုက်ရပါတယ် ခင်ဗျာ။နောက်ကြတော့ အိမ်လေးအသစ်မှာ ဒီမိသားစုလေး ဘယ်လောက်ပျော်နေမလည်းဆိုတာစောင့်မျှော် သာဓုခေါ်စေသော်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Chat Gyi

ချွန်တွန်းပရဟိတအဖွဲ့ကိုတော့ သြဂုတ်လအတွင်းမှာ ဒိန်းဒေါင်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စားနပ်ရိက္ခာ လိုအပ်မှုရှိနေတဲ့ နေရာတွေကို ကိုယ်တိုင် သွားရောက် လှူဒါန်းနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကလေးမွေးဖွားဖို့ အခက်အခဲတစ်စုံတခု ကြုံနေရသူတွေကိုလည်း ကလေးမွေးဖွားစားရိတ် ထောက်ပံ့လှူဒါန်းခဲ့ပါသေးတယ်။ ချွန်တွန်း ပရဟိတ အဖွဲ့ထဲမှာတော့ ဒိန်းဒေါင်က ဥက္ကဌဖြစ်ပြီး လူရွှင်တော် ချက်ကြီး၊ ပိုးလေး၊ ငြိမ်းချမ်း နဲ့ ကံပွင့်တို့လည်း ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က