အနုပညာလောကမှာ ဝမ်းအနည်းရဆုံးဖြစ်ရပ်တွေပါ။

၂၀၂၀ ခုနှစ်ဟာ ပရိသတ်တွေရော၊ အနုပညာလောကသားတွေပါ စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ရတဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတိုင်းအတွက် ဝမ်းနည်းမှု ၊ စိတ်မကောင်းမှု တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နှစ် တစ်နှစ်ဖြစ်ခဲ့ပါတယ်။ အနုပညာလောကအတွက် ဆုံးရှုံးမှုတွေ များစွာ ကြုံခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်သလို အနုပညာရှင်ကြီး တော်တော်များများကို ဆုံးရှုံးလိုက်ရတဲ့ နှစ်လည်းဖြစ်ပါတယ်။  



Photo: Daw Khin May Thet

ဒေါ်ခင်မေသက်(သရုပ်ဆောင်) - ၂၀၂၀ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကွယ်လွန်

မင်းသမီးကြီး ဒေါ်ခင်မေသက်က အဖြူအမဲရုပ်ရှင်ခေတ်ကတည်းက အနုပညာလောကမှာ အောင်မြင်လာခဲ့သူပါ။ ကွယ်လွန်ချိန်မှာတော့ အမေ ဒေါ်ခင်မေသက်က အသက်(၈၉) နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ (၅) နှစ်ကျော် ၊ (၆) နှစ်ကတည်းက လည်ချောင်းခွဲစိတ်မှု ခံယူထားတာဖြစ်ပြီး လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ခဲ့ဘူး လို့ သိရပါတယ်။ ဒေါ်ခင်မေသက် မကွယ်လွန်ခင်တမှာ အနုပညာရှင်အချို့က ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းပေးကြဖူးပြီး နာရေးသတင်းကြားချိန်မှာ စိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်မှာ ရေးသား ပြောဆိုခဲ့ကြပါတယ်။  


Photo: Thant Sin

ရန်လေး (လူကြမ်းသရုပ်ဆောင်) - ၂၀၂၀ မေလ(၅) ရက်နေ့ ကွယ်လွန်

အနုပညာလောကမှာ လူကြမ်းတစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ ရန်လေးဟာ ရုတ်တရက် အရက်ဖြတ်လိုက်တာဖြစ်ပြီး ကိုယ်ခံအား နည်းသွားခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရာက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ပ်ရောဂါဖြစ်ပေါ်နေချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်တဲ့အတွက် ရန်လေးရဲ့ နာရေးသတင်းကို အနုပညာလောကသားတွေလည်း ချက်ချင်း မသိရှိခဲ့ရပါဘူး။ ဒါပေမယ့် လူကြမ်းသရုပ်ဆောင်အဖွဲ့ဖြစ်တဲ့ ကိုလူချောအဖွဲ့ကတော့ ရန်လေးကွယ်လွန်တာ တစ်လပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ရှင်အစည်းအရုံးမှာ သံဃာတော်များပင့်ဆောင်ပြီး အလှူအတန်းတွေ လုပ်ပေးခဲ့ကြပါတယ်။

 

Photo: Kyaw Hein

ဥူးဇင်း ကိတ္ထိသာရ (သရုပ်ဆော င်ကျော်ဟိန်း) - ၂၀၂၀ ဇူလိုင်လ (၁၁) ရက်နေ့ ပျံလွန်တော်မူ

သြစတေးလျနိုင်ငံမှာ (၅) နှစ်အကြာ သာသနာ့ဘောင်ဝတ်ခဲ့တဲ့ ဥူးဇင်း ကိတ္ထိသာရဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ မနက် (၉) နာရီ (၂၇) မိနစ်ကပျံလွန်တော် မူသွားခဲ့တာဖြစ်ပါတယ်။ ပျံလွန်တော်မူတဲ့အချိန်မှာတော့ သက်တော်က (၇၃) နှစ်ရှိပါပြီ။ ဥူးဇင်းက အဆုတ်လည်း မကောင်းသလို နှလုံးလည်း ခွဲထားရတာဖြစ်ပြီး နှစ်အတော်ကြာ အောက်ဆီဂျင်နဲ့ အသက်ရှုနေရသူပါ။ အမှတ်ရစရာ တိုက်ဆိုင်မှုတစ်ခုကတော့ တူတော်စပ်သူ သရုပ်ဆောင်ဒွေး ကွယ်လွန်တာ (၁၃) နှစ်ပြည့်တဲ့ နေ့မှာ ဥူးဇင်း ကိတ္ထိသာရ (သရုပ်ဆောင်ကျော်ဟိန်း) ကွယ်လွန်သွားခဲ့တာဖြစ်တာကြောင့်လည်း အနုပညာလောကသားတွေအတွက် နှစ်ထပ်ကွမ်း ဝမ်းနည်းမှုတွေ ကြုံခဲ့ရတဲ့ နေ့ဆိုလည်း မမှားပါဘူး။ 


Photo:Man Win

မန်းဝင်း (လူရွှင်တော် ) - ၂၀၂၀ ဇူလိုင်လ (၁၃) ရက်နေ့ ကွယ်လွန်

ပရိသတ်တွေကို ဟာသတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ ဇူလိုင်လ (၁၃) ရက်နေ့ မနက် (၆) နာရီ မိနစ် (၄၀) မှသူချစ်ရတဲ့ မိသားစု ၊ အနုပညာလောက အပြင် ပရိသတ်တွေကို ကျောခိုင်း နှုတ်ဆက်သွားခဲ့သူပါ။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ပင်လုံဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကျန်းမ‌ာရေး ပြန်ကောင်းလာအောင် ဆေးကုသမှု ခံယူနေရသူပါ။ဒါပေမယ့်လည်း ရောဂါရဲ့ ဒဏ်တွေကို မခံနိုင်တော့ဘဲ ဆုံးပါးသွားရတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဦးမန်းဝင်းရဲ့ အသက်ဟာ (၇၈) နှစ်ရှိပြီဖြစ်ပါတယ်။

 

Photo: Top

တော့ပ် (လူရွှင်တော်) - ၂၀၂၀ သြဂုတ်လ (၂၂) ရက်နေ့ ကွယ်လွန်

လူရွှင်တော် တော့ပ်က အလုပ်တွေ မလုပ်ရတော့တဲ့ အချိန်မှာ ဇနီးဖြစ်သူက ရေနွေးပူနဲ့ ပက်တာကိုခံခဲ့ပြီး အဲဒီ ဒဏ်ရာတွေကြောင့်ပဲ လူရွှင်တော် တော့ပ်ဟာ ရန်ကုန်ဆေးရုံကြီး ကုတင်(၅၀၀) မှာ ဆေးကုသမှု ခံယူခဲ့ရတာပါ။ မကွယ်လွန်ခင်မှာ ကျောက်ကပ်နဲ့ နှလုံးတွေ မကောင်းတော့သလို သွေးလည်ပတ်မှုအတွက် အလုပ်မလုပ်တော့တာကြောင့် အသက်ဆုံးရှုံးလိုက်ရတာလို့ မိသားစုဝင်တစ်ဦးက Duwun ကို ဖြေဆိုခဲ့ဖူးပါတယ်။ 


Photo: U Aye Kyu Lay

ဦးပလာတာ (အသက် ၉၀ နှစ်) - ၂၀၂၀ စက်တင်ဘာလ (၁၇) ရက်နေ့ ကွယ်လွန်

ဝါရင့် လူရွှင်တော်ကြီးလည်း ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ခဲ့တဲ့ ဦးပလာတာကတော့ စက်တင်ဘာလ (၁၇) ရက်နေ့ မနက် (၂) နာရီအချိန်က ပန်းဘဲတန်းမြို့နယ်အတွင်းက နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာတော့ အသက်(၉၀) နှစ်ရှိပါပြီ။ လူကြီးရောဂါ ခံစားနေရသူဖြစ်တာကြောင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွေကိုတောင် နှစ်အတော်ကြာ မတက်ရောက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အနုပညာကို ဝါသနာကြီးသူဖြစ်တာကြောင့် အသက်(၈၀) ခန့် အထိ အနုပညာအလုပ်တွေကို တတ်စွမ်းသလောက် လုပ်နေခဲ့သူလည်းဖြစ်ပါတယ်။ 


Photo: Mee Mee khel

မီးမီးခဲ (အသက် ၃၇နှစ်) - ၂၀၂၀ အောက်တိုဘာလ (၁၆) ရက်နေ့ကွယ်လွန်

“ အချစ်ကို သိချိန်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်ရင်ထဲမှာ နေရာယူခဲ့တဲ့ အဆိုတော် မီးမီးခဲ က သြစတြေးလျနိုင်ငံ Sydney မြို့နေအိမ်မှာ သြစတြေးလျစံတော်ချိန် အောက်တိုဘာလ (၁၆) ရက်နေ့ ည (၉) နာရီ (၃၁) မိနစ်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူမရဲ့ အသက်က (၃၇) နှစ်ရှိပါပြီ။ အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကျန်ရစ်သူ မိသားစုက မီးမီးခဲရဲ့ အရိုးပြာကို ဂူသွင်းမြုပ်နှံပေးခဲ့ကြပါတယ်။ မီးမီးခဲဟာ မကွယ်လွန်ခင်အချိန်မှာ ရင်သားကင်ဆာအဆင့်(၄) ကို နှစ်အတော်ကြာ ခံစားခဲ့ရတာပါ။ 



Photo: Yan Paing Soe

ရန်ပိုင်စိုး (အသက် ၇၀ နှစ်) - ၂၀၂၀ အောက်တိုဘာလ (၂၁) ရက်နေ့ ကွယ်လွန်

ဝါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သလို အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူလည်းဖြစ်ခဲ့တဲ့ ရန်ပိုင်စိုးကတော့ အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လယ်(၁၁) နာရီကျော်က ကွယ်လွန်သွားခဲ့တာပါ။ သူဟာ အသက်(၇၀) နှစ် အရွယ်မှာ ကိုဗစ်ရောဂါကို ရင်ဆိုင်ရင်း သေခြင်းတရားနဲ့ ကြုံခဲ့ရတဲ့အတွက် အနုပညာလောကသားတွေကလည်း စိတ်မကောင်းဖြစ်ခဲ့ကြပါသေးတယ်။


Photo: Aung Khine

ဦးစိန်သန်း (ဝါရင့် လူကြမ်းသရုပ်ဆောင်) - ၂၀၂၀ နိုဝင်ဘာလ (၉) ရက်နေ့ ကွယ်လွန်

ဝါရင့် လူကြမ်းသရုပ်ဆောင်ကြီး ဦးစိန်သန်းကတော့ နိုဝင်ဘာလ (၉) ရက်နေ့ ညနေ (၅) နာရီ (၅၅) မိနစ်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ လူကြမ်းသရုပ်ဆောင် ဦးစိန်သန်းရဲ့အသက်က (၇၉) နှစ်ရှိပါပြီ။ သူဟာ ဆီး ၊ ကျောက်ကပ်နဲ့ အသည်းဝေဒနာတွေကို နှစ်အတော်ကြာ ခံစားနေရတယ်လို့လည်း ကိုလူချောအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်ကDuwun ကို ပြောပြခဲ့ဖူးပါတယ်။ ကိုဗစ်ကာလမှာ ကွယ်လွန်သွားခဲ့တာဖြစ်တဲ့အတွက် လူကြမ်းတစ်ဦးရဲ့ ဈာပနက မစည်ကားခဲ့လို့ လူကြမ်း သရုပ်ဆောင်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်။

 

Photo: Kyi Soe IC

ကြည်စိုးIC ( ဇာတ်ပို့ သရုပ်ဆောင်) - ၂၀၂၀ နိုဝင်ဘာလ (၃၀) ရက်နေ့ ကွယ်လွန်

မြန်မာဇာတ်ကားတွေထဲမှာ ရှေ့နေကာရိုက်တာ၊ ဆရာဝန်ကာရိုက်တာတွေနဲ့ အမြဲ မြင်တွေ့ရတတ်တဲ့ ကြည်စိုးIC ကတော့ နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လယ် (၂) နာရီနဲ့ မိနစ်(၅၀) မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုဗစ်ရောဂါ ကူးစက်ခံရရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်မှာတော့ ကြည်စိုးIC ရဲ့ အသက်ဟာ (၇၄) နှစ်ရှိပြီဖြစ်ပါတယ်။ အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာနေခဲ့တဲ့ သူဟာ ကွယ်လွန်သွားတဲ့သတင်းစကားနဲ့ ပရိသတ်တွေကို ပြန်လည် သတိရစေခဲ့တဲ့ အနုပညာရှင်ဖြစ်ပါတယ်။ 

 

Photo: Ayear


ဧရာ (လူရွှင်တော်) - ၂၀၂၀ ဒီဇင်ဘာလ (၁၉) ရက်နေ့ ကွယ်လွန်

ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ အမြဲတမ်း ဖျော်ဖြေပေးလေ့ရှိတဲ့ လူရွှင်တော်ကြီး ဧရာကတော့ ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက် ၃ နာရီ ၃၉ မိနစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူဖြစ်သလို ခါးအရိုးခွဲစိတ်ထားတဲ့ ဒဏ်ရာကြောင့်လည်း နှစ်အတော်ကြာ ကျန်းမာရေး မကောင်း ဖြစ်နေတာပါ။ ကွယ်လွန်ချိန်မှာတော့ ဦးဧရာရဲ့ အသက်ဟာ (၆၁) နှစ် ရှိပါပြီ။ လူရွှင်တော် အဖြစ်သာမက ဟာသသရုပ်ဆောင်အနေနဲ့လည်း တခြားအနုပညာရှင်တွေနဲ့ အပေးအယူ မျှမျှ သရုပ်ဆောင်တတ်သူဖြစ်တာကြောင့် အနုပညာလောကသားတွေအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ရတဲ့ နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။

ကွယ်လွန်သူ အနုပညာရှင်တွေကို ပရိသတ်တွေကလည်း သတိရနေသလို အနုပညာရှင်တွေကလည်း သတိတရ ရှိနေသေးမှာ အမှန်ပါပဲ။ ကွယ်လွန်သူတွေအတွက် ကျန်ရစ်သူ မိသားစုတွေကလည်း မကြာခဏ အလှူအတန်းတွေ လုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။ တန်ဖိုးရှိတဲ့ အနုပညာရှင်များ ကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့အတူ Duwun မှ ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း ဒီဆောင်းပါးနဲ့ မှတ်တမ်းတင်ရင်း ပြောကြားအပ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က